October 18, 2024

၁၃. ၉. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံ ကီဒက်ပြည်နယ်ရှိ မတူညီသောနေရာငါးခုကို စီးနင်းရှာဖွေချိန်အတွင်း လူကုန်ကူးအဖွဲ့အစည်းများနှင့်ဆက်နွှယ်သော အေးဂျင့် ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် လူကုန်ကူးအဖွဲ့အစည်း ငါးခုကို ဖြိုခွင်းနိုင်ခဲ့ကာ မြန်မာနိုင်ငံသား ၄၇ ဦးကို ဖမ်းမိခဲ့ကြောင်း ကီဒက်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Datuk Fisol Salleh က ပြောသည်။

Kubang Pasu မြို့နှင့် လန်ကာဝီမြို့တို့ရှိ နေရာငါးခုကို စီးနင်းချိန်အတွင်း လူကုန်ကူးဂိုဏ်းများနှင့် ဆက်နွယ်နေသော မလေးရှားနိုင်ငံသား ၉ ဦးနှင့် မြန်မာနိုင်ငံသားအေးဂျင့် ၃ ဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

မလေးရှားရဲတပ်ဖွဲ့က “ကီဒက်ပြည်နယ်အတွင်းရှိ မြို့တွေမှာ တရားမဝင် နေထိုင်လျက်ရှိနေတဲ့ သူတွေကို စစ်ဆေးရှာဖွေခဲ့တယ်။ တရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၇ ဦးကို ဖမ်းမိခဲ့တယ်။ အဲဒီဖမ်းမိသူအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ အဲဒီသူတွေဟာ အသက် ၁၅ နှစ်နဲ့ အသက် ၅၀ အရွယ်ကြားရှိနေပြီး ကီဒက်ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းအမျိုးမျိုးမှာ လုပ်ကိုင်နေသူဖြစ်တယ်”ဟုပြောသည်။

This image has an empty alt attribute; its file name is photo_2023-09-13_11-32-59.jpg

ကီဒက်ပြည်နယ်ရဲတပ်ဖွဲ့သည် သြဂုတ် ၁၅ ရက်နေ့မှ စက်တင်ဘာ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သော တရားမဝင်နေထိုင်နေသူများနှင့် လူကုန်ကူးဂိုဏ်းများကို စစ်ဆေးစီးနင်းချိန်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါလူကုန်ကူးဂိုဏ်းသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အေးဂျင့်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တရားဝင်အထောက်အထားမရှိသော မြန်မာနိုင်ငံသားများကို ရေလမ်း၊ ကုန်းလမ်းများမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးခဲ့ကြောင်း ကီဒက်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Datuk Fisol Salleh က ပြောသည်။

၎င်းက “လူကုန်ကူးတဲ့အဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့ရှိ လူကုန်ကူးအေးဂျင့်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လူကုန်ကူးအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ ပွဲစား သို့မဟုတ် အေးဂျင့်တွေကို မလေးရှား ရင်းဂစ် ၅၀၀၀ နဲ့ ၇၀၀၀ ကြားပေးခဲ့ရတယ်” ဟု ပြောသည်။

ဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေများ ချိုးဖောက်မှုဖြင့် စုံစမ်းစစ်ဆေးကာ စွဲချက်တင်သွားမည်ဖြစ်ကြောင်း ကီဒက်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲကပြောသည်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *