October 18, 2024

၁၃. ၉. ၂၀၂၃
Written by Nay Moe

ယာဥ်တွေအပေါ် ကောက်ခံတဲ့အခွန်ကို စက်တင်ဘာ ၁၃ ရက် နောက်ပိုင်းကစပြီး သုံးဆတိုးမြှင့်မယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force- NMD အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး NMD ရဲ့ တိုက်ခိုက်မှုကြောင့် လူထိခိုက်တာ မရှိသလို သူတို့အဖွဲ့ကိုယ်တိုင်ကလည်း တတ်နိုင်သမျှ တိုက်ခိုက်ရာမှာ ထိရောက်မှုနည်းတာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်စာမှာဖော်ပြထားပါတယ်။

NMD အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးချိန်မှာ အခွန်ရုံးဘက်က သေနတ်နဲ့ တစ်ချက် ပြန်လည် ပစ်ခတ်ခဲ့ပေမဲ့လည်း ကျည်မထိခဲ့ဘူးလို့ ပြောပါတယ်။

NMD အဖွဲ့ဟာ စက်တင်ဘာ ၂ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ရသုံးမှန်းခြေငွေစာရင်းရုံးကို တိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ချမ်းမြသာစည်မြို့နယ် လဝကရုံးနဲ့ ရပ်ကွက်ရုံးတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါသေးတယ်။

ချမ်းမြသာစည်မြို့နယ်က ပြည်တွင်းအခွန်များဦးစီးဌာနရုံးဟာ PDF တွေရဲ့ ပစ်မှတ်ဖြစ်နေပြီး ဇွန်လ ၁၅ ရက်ကလည်း PDF တွေက လက်လုပ်မိုင်းနဲ့ပစ်တာကြောင့် အကြီးတန်းစာရေးတစ်ဦး မိုင်းထိမှန်ခဲ့သလို ယာဥ်နဲ့ မော်တော်ယာဥ်နှစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *