October 19, 2024

၁၃. ၉. ၂၀၂၃
Written by Nay Moe

အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူ ၇ ဦးအား PDF များက စက်တင်ဘာ ၈ ရက်တွင် သ-တ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာနေသူများဖြစ်သည့် ကျေးရွာတာဝန်ခံ ဦး၀င်း၀င်း (၆၀)နှစ်သည် ခယ်မဖြစ်သူ ဒေါ်ခင်သူဇာဝင်း (၃၁)နှစ်နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ ဦးဝင်းဝင်း၏ဇနီး ဒေါ်ဌေးသီတာသည် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း မတ္တရာမြို့မှ ရွှေချောင်းရွာသို့ မန္တလေး-မိုးကုတ် ကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် ဝသုန္ဒရကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၁၄ မိုင် ၃ ဖာလုံအနီးအရောက်၌ ၎င်းတို့၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းဝင်းနှင့် ဒေါ်ခင်သူဇာဝင်းတို့တွင် လက်နှင့်ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ (၇၀)နှစ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရာအိမ်မှူး ဦးမြင့်မော် (၅၁)နှစ်နှင့် အရန်မီးသတ် ဦးမြင့်ဆွေ (၅၅)နှစ်တို့နှင့်အတူ ရုံးလုပ်ငန်းများဆောင်ရွက်နေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့သဖြင့် ရာအိမ်မှူး ဦးမြင့်မော်တွင် နောက်ကျောမှဝမ်းဗိုက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ သုံးချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် အရန်မီးသတ် ဦးမြင့်ဆွေတို့တွင် မျက်နှာနှင့်ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီခွဲတွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာနေ ဦးမြင့်ခိုင် (၄၅)နှစ်သည် မိသားစုနှင့်အတူ နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “ပွင့်ကမ္ဘာ” လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ)က ခြေလျင်ရောက်ရှိလာပြီး ဦးမြင့်ခိုင်နှင့် မိသားစုဝင်များအား ဓားများဖြင့် အကြောင်းမဲ့ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမြင့်ခိုင်၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်ဌေး (၄၄)နှစ်နှင့် ၎င်း၏သမီး မမြတ်ဆုမွန် (၁၄)နှစ်တို့တွင် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်တို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၎င်း၏သမီး မအိအိငြိမ်း (၁၇)နှစ်တွင် လည်ပင်းနှင့်ဝမ်းဗိုက်တို့၌ ထိုးသွင်းဒဏ်ရာ လေးချက်ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငါန်းမြာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

အလားတူ ည ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ အမှတ် (၁) ရပ်ကွက်နေ ဒေါ်မြင့်သန်း(ခ)ကုလားမကြီး (၆၃)နှစ်သည် ၎င်း၏နေအိမ်ရှေ့ထိုင်ခုံ၌ တူမဖြစ်သူ မပြည့်ပြည့်ဖြိုးနှင့်အတူ ထိုင်နေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးအား သေနတ်ပြခြိမ်းခြောက်ကာ ခေါင်းငုံ့ထိုင်ခိုင်းထားပြီး ဒေါ်မြင့်သန်း (ခ) ကုလားမကြီးအား သေနတ်ဖြင့်ပစ်ခတ်ကာ ဝက်လက်-ရှိန်းမကားသွားကားလမ်းအတိုင်း မြင်တော်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းနှင့် နောက်ကျောတို့၌ ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်ရရှိခဲ့သဖြင့် ဝက်လက်မြို့နယ်ပြည်သူ့ဆေးရုံ၌တက်ရောက်၍ ဆေးကုသမှုခံယူနေစဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် ဩဂုတ်လအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *