October 19, 2024

၁၀. ၉. ၂၀၂၃

Written by Thettant

ပြီးခဲ့တဲ့ သောကြာနေ့( ၈. ၉. ၂၀၂၃) မှာ မော်ရိုကိုရဲ့ သမိုင်းတစ်လျှောက် အလွန်ဆိုးရွားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၀၁၂ ဦးသေဆုံးပြီး လူပေါင်း ၂၀၀၀ ကျော်ဟာ စိုးရိမ်ရ အခြေအနေမှာ ရှိနေပါတယ်။

ပြင်းအားမြင့်မားပြီး ရစ်ချ်တာစကေး ၆ ဒသမ ၈ ရှိတဲ့ငလျင်ကြောင့်လူပေါင်း ထောင်ချီသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဆိုးနောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြိုကျပျက်စီးနေတဲ့အဆောက်အအုံတွေအောက်က လူသေအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆွဲထုတ်နေရတဲ့နည်းတူ နောက်ဆက်တွဲငလျင်ကို ကြောက်ရွံ့နေကြတဲ့ မော်ရိုကိုပြည်သူတွေဟာ ညဘက်တွေ လမ်းပေါ်မှာပဲ အချိန်ကုန်ဆုံးကြသလို နေအိမ်ပြိုကျပျက်စီးသွားတဲ့ မော်ရိုကိုပြည်သူတွေမှာ နေစရာမရှိတော့ပါဘူး။

ဒီလိုမျိုးဒုက္ခတွေကို ကူညီငြိမ်းအေးစေတဲ့အထဲမှာ ဘောလုံးလောကရဲ့ GOAT (Greatest of All Times) တစ်ပါးဖြစ်တဲ့ ရော်နယ်လ်ဒိုလည်း အပါအဝင်ပါ။ ရော်နယ်လ်ဒိုဟာ မော်ရိုကိုရဲ့ သမိုင်းဝင် Marrakech မြို့မှာ Pestana CR7 Marrakech ဟိုတယ်ကို ပိုင်ဆိုင်ပါတယ်။

အဲဒီ Pestana CR7 Marrakech ဟိုတယ်ဟာ ဇိမ်ခံဟိုတယ်ဖြစ်ပြီး ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးဖြစ်တဲ့အပြင် ပုံမှန်စျေးမှာ တစ်ညတာတည်းခိုစရိတ်ဟာ ယူရို ၅၀၀ နီးပါးသုံးစွဲရတဲ့ ခမ်းနားတဲ့ဟိုတယ်ပါ။ အခုတော့ ဒီဟိုတယ်ရဲ့ခမ်းနားမှုတွေ၊ ဇိမ်ခံမှုတွေဟာ ငလျင်ကြောင့်ဘေးဒုက္ခကြုံနေရတဲ့မော်ရိုကိုပြည်သူတွေ ယာယီခိုနားစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင်လည်း မော်ရိုကိုငလျင်ကြောင့်ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူထောင်ချီအတွက်လည်း ရော်နယ်လ်ဒိုဟာ ဝမ်းနည်းမိကြောင်း အလေးအနက်ပြောခဲ့သလို ဒီလိုခက်ခဲမှုတွေလွန်မြောက်ဖို့ မေတ္တာပို့ဆုတောင်းမှုလည်းပြုခဲ့ပြီး သူ့ရဲ့ My Day မှာတော့ မော်ရိုကိုနိုင်ငံသားတွေရဲ့ တုံ့ပြန်မေတ္တာတွေနဲ့ ကြည်နူးစရာပါပဲ။

ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုဆိုတဲ့နိုင်ငံသေးသေးလေးဟာ ဆီမီးဖိုင်နယ်အထိတက်နိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက မော်ရိုကိုဟာ ပေါ်တူဂီအသင်းကို ကွာတားဖိုင်နယ်မှာ ၁ – ၀ ဆိုတဲ့ ရလဒ်နဲ့ ဖြုတ်ချခဲ့သလို ရော်နယ်လ်ဒိုဘဝမှာ မရရှိဖူးတဲ့ ကမ္ဘာ့ဖလားကို နောက်ဆုံးကြိုးစားခွင့်အဖြစ်ကို ပျက်ပြယ်အောင် ဖန်တီးခဲ့လို့ ရော်နယ်လ်ဒို မျက်ရည်လည်ရွဲနဲ့ ငိုပွဲဆင်ခဲ့ဖူးတာ အားလုံးမှတ်မိဦးမှာပါ။ ဒါပေမဲ့လည်း ရော်နယ်လ်ဒိုဟာ ဒီဖြစ်ရပ်တွေ တေးမှတ်မထားဘဲ မော်ရိုကို ဒုက္ခတွေကြုံပြီး လိုအပ်နေချိန်မှာ သူ့ရဲ့ဇိမ်ခံဟိုတယ်ကြီးကိုတောင် ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပေးအပ်ခဲ့မှုဟာ မော်ရိုကိုပြည်သူတွေရင်ထဲ အမြဲအမှတ်ရနေမဲ့ ဖြူစင်မြင့်မြတ်မှုလို့ပဲ…….။

Ref၊ Photo. Merca & AS & CR7 &AP

Leave a Reply

Your email address will not be published. Required fields are marked *