October 18, 2024

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က ပါမစ်ကျပြီးသားမြေကွက်တချို့

၁၂. ၉. ၂၀၂၃
Written by Nay Chi

ပါမစ်မြေဈေးကွက်မှာ စာရွက်စာတမ်းအတုတွေ ထွက်နေပြီး ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တွေတောင် အတုအပမိပြီး စရံလိမ်လည်ခံရတာ၊ ငွေအပြည့်လိမ်လည်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တချို့ထံကနေ သိရပါတယ်။

ပါမစ်မြေကို မြေငှားဂရန်မြေတွေလို ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း စတဲ့ လွှဲပြောင်းမှုမျိုး ပြုလုပ်ခွင့်မရှိပါဘူး။ ပါမစ်မြေကို ဝယ်ယူလွှဲပြောင်း ဆောင်ရွက်မှုတွေမှာ လွှဲပြောင်းလက်ခံသူတွေဟာ တရားဝင် အကျိုးခံစားခွင့် မရရှိနိုင်ဘူးလို့ စီရင်ထုံးတွေရှိပါတယ် ။

“ရှေ့နေဆိုတဲ့သူတွေရော၊ ဌာနဆိုင်ရာတွေရော၊ ဝါရင့်ပွဲစားတွေရော ထိနေကြတာ။ ဒဂုံဘက်နေရာတိုင်းမှာဖြစ်နေတာပဲ။ တစ်စောင်တလေ တစ်ယောက်တလေ မဟုတ်ဘူး။ မထိဖူးသူ မရှိသလောက်ဘဲ။ အဓိက လက်ကြီးသမားတွေ ထိတာများတယ်။ သိန်းသုံးလေးရာကနေ ခုနစ်ထောင် ရှစ်ထောင်သမားတွေအထိ ပြန်လျော်ရတာတွေရှိနေတယ်။ အဓိကပြဿနာက မြေတန်ဖိုးတွေမြင့်လာတော့ အတုတွေထွက်လာတာပေါ့” လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူ ကိုဇေယျာက ပြောပါတယ်။

ပါမစ်တွေအပါအဝင် အိမ်ခြံမြေစာရွက်စာတမ်းစစ်ဆေးတာတွေကို လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကတည်းက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနက တရားဝင်စစ်ဆေးမပေးတော့ဘဲ ကျွမ်းကျင်တဲ့ အိမ်ခြံမြေရှေ့နေကနေတစ်ဆင့် စားပွဲအောက်ကလမ်းကြောင်းလို့ခေါ်တဲ့ အပေးအယူစနစ်တွေနဲ့ လုပ်ကိုင်နေကြတာပါ။

ပါမစ်မြေ ဆိုတာက အစိုးရမြေမှာ နေထိုင်ခွင့်ရမြေသာ ဖြစ်ပါတယ်။ မြေနဲ့ စပ်လျဉ်းပြီးတော့ ဥပဒေအရ နေထိုင်ခွင့် သက်သက်သာ အခွင့်အရေးရှိပါတယ်။ ပါမစ်မြေဟာ ကာယကံရှင် အမည်ပေါက် ဂရန်မြေအဖြစ် မရောက်သေးတဲ့ အစိုးရမြေ အမျိုးအစားတစ်ခုမို့ ပါမစ်ရသူတွေကို မြေစာရင်းဌာနရဲ့၁-က ဦးပိုင်မှတ်ပုံစာရင်းမှာ Recognized Squatter အသိအမှတ်ပြု အစိုးရမြေကျူးကျော်လို့ မှတ်သားထားရပြီး မူလ ပါမစ်ရသူအမည်နဲ့ ဂရန်လျှောက်ခွင့် ရှိပါတယ်။ အဲဒီလို ဥပဒေနဲ့အညီ မြေငှားဂရန် အမည်ပေါက်ပြီးမှသာ လွှဲပြောင်း ရောင်းချ ပေါင်နှံ အမွေဆက်ခံမှုများ ဆောင်ရွက်နိုင်ပြီး လက်ခံသူများအနေနဲ့ ဥပဒေနဲ့အညီ တရားဝင် အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ အကျိုးဆောင် ကိုဇေယျာက “ ဝယ်မယ်ရောင်းမယ်ဆို အိမ်ခြံမြေလောကထဲ မသိသူတွေဆီကဆို မဝယ်ရဲတော့ဘူး။ ရောင်းသူ ဝယ်သူတွေ တန့်သွားတာမျိုး ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်တော့တာမျိုး မဟုတ်ပေမယ့် အရင်ကထက် အစပေါင်းများစွာ သတိထားပြီး လုပ်ကိုင်နေကြရတယ်။ တစ်ခုခုဆို သေသေချာချာကိုစစ်ကြတော့တာပေါ့။ အခု ကာလက ဒေတာရဖို့ကလည်း တအားလွယ်နေပြီ။ အရင်က အတုတွေက စစ်ရလွယ်တယ်။ စာရွက်အသားကြည့်ရင်သိတယ်။ အခုကကြ အဲ့ဒါတွေကအစ တူနေတာ။ ပြောရလည်းခက်ပါတယ်။ ပါမစ်မြေလျှောက်ကြတဲ့အခါ မိတ္တူတွေကို လျှောက်ထားသူက သူ့အလုပ်ဌာန အပါအဝင် ဌာနသုံးခုပို့ရတယ်။ ဂရန်ထွက်ပြီးရင် အိုးအိမ်ကို အဲ့ဒါတွေ ပြန်အပ်ရတယ်။ အခုတွေ့နေရတာတွေက အဲဒီမိတ္တူတွေဖြစ်နိုင်တော့ အစစ်နဲ့မခြားဘူး။ ခွဲရခက်လွန်းတော့ မနည်းလိုက်နေရတယ်” လို့ သူ့အတွေ့အကြုံကို ပြောပါတယ် ။

ကျွမ်းကျင်တဲ့ အိမ်ခြံ‌မြေ အကျိုးဆောင်နဲ့ အကျိုးဆောင်‌ ရှေ့နေတွေပါဝင်ပြီး ပါမစ်မြေဝယ်ယူရင်တောင် စွန့်စားပြီးစာချုပ်စာတမ်းသေချာချုပ်ဆိုဝယ်ယူနေရချိန်မှာ မကျွမ်းကျင်ဘဲ အတုမိပါက ဝယ်ယူသူမှာ ဆုံးရှုံးမှုကြီးမားနိုင်လို့ သတိပြုကြဖို့ အိမ်ခြံမြေအကျိုးဆောင်တွေက သတိပေးနေတာတွေလည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *