October 19, 2024

အတင်းအကြပ်ခိုင်းစေသူ မြန်မာနိုင်ငံသားသုံးဦးကိုလည်း ဖမ်းဆီးထားပြီး တစ်ဦးမှာ မုဒိမ်းမှုပါကျုးလွန်ထား

၁၂. ၉. ၂၀၂၃
Written by Nay Aung

မလေးရှားရဲတပ်ဖွဲ့သည် စက်တင်ဘာ ၁၁ ရက်က ဆီလန်ဂေါပြည်နယ် Bandar Puchong အရပ်ဒေသရှိ ဈေးဆိုင်ခန်းကိုဖျော်ဖြေရေးစင်တာအဖြစ် ပြောင်းလဲထားသည့်နေရာအား စီးနင်းရှာဖွေခဲ့ရာ အဓမ္မခိုင်းစေခံနေရသော မြန်မာအမျိုးသမီး လေးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မလေးရှားလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စီးနင်းခဲ့ခြင်းဖြစ်ပြီးအသက် ၁၅ နှစ်နှင့် အသက် ၃၁ နှစ်အရွယ်ကြားရှိ မြန်မာအမျိုးသမီးလေးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Comm Fadil Marsus က ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းက ” မြန်မာအမျိုးသား သုံးဦးဟာ အဲဒီအမျိုးသမီးလေးဦးကို တစ်လ မလေးရှားရင်းဂစ် ၁၅၀၀ နဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ရမယ် ကတိပေးခေါ်ယူခဲ့တာဖြစ်တယ်။ ဒါပေမယ့် အမျိုးသမီးတွေကို အန်တာတိန်းမန့် လုပ်ငန်းမှာ အတင်းအကြပ်ခိုင်းစေခဲ့တယ်”ဟု ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီးလေးဦးကို အန်တာတိန်းမန့်ဖျော်ဖြေရေးလုပ်ငန်းတွင် အတင်းအကြပ်ခိုင်းစေခဲ့သော မြန်မာနိုင်ငံသား သုံးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး စွဲချက်တင်ထားကြောင်းသိရသည်။ ပြန်လည်ကယ်ထုတ်ခဲ့ရသော မြန်မာအမျိုးသမီးလေးဦးအနက် အသက် ၂၆ နှစ်အရွယ်ရှိအမျိုးသမီးက ၎င်းသည် ဖမ်းဆီးခံထားရသောမြန်မာနိုင်ငံသားသုံးဦးအနက် တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းခံရကြောင်း ဝန်ခံပြောဆိုထားသည်။

မလေးရှားရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Comm Fadil Marsus က” ကျွန်တော်တို့ဟာ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အတင်းအကြပ်ခိုင်းစေခံရတဲ့ မြန်မာအမျိုးသမီးလေးဦးကို ပြန်ကယ်ထုတ်ခဲ့တယ်။ လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်”ဟုပြောသည်။

Ref; malaysiagazatte

Leave a Reply

Your email address will not be published. Required fields are marked *