◾တင်းမာနေသောဒေသအတွင်း ရုရှား၏အန္တရာယ်ဖြစ်စေသောတုံ့ပြန်မှုကို နှိုးဆွရာရောက်ဟုဆိုကြ
၁၂. ၉. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၏ စစ်ရေးမဟာမိတ်နိုင်ငံအဖြစ် ကြာရှည်စွာတည်ရှိခဲ့သော အာမေးနီးယားနိုင်ငံသို့ အမေရိကန် တပ်ဖွဲ့ဝင် ၈၅ ဦးရောက်ရှိလာကာ အာမေးနီးယန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ Eagle Partner 2023 အမည်ရှိ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြခြင်းက ရုရှားနိုင်ငံဘက်မှ အန္တရာယ်ဖြစ်စေသော တုံ့ပြန်မှုပြုလုပ်လာရန် နှိုးဆွပေးလိုက်သကဲ့သို့ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
Eagle Partner 2023 စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များက အာမေးနီးယန်း အမှတ် ၁၂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်မဟာမှ တပ်ဖွဲ့ဝင် ၁၇၅ ဦးနှင့်ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုပြုမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်က ၂၀၂၃ ခုနှစ်အကုန်ပိုင်းတွင်ပြုလုပ်မည့်အကဲဖြတ်သုံးသပ်မှုတစ်ရပ်၌၊ ၎င်း၏တပ်ဖွဲ့များကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များအဖြစ် တပ်ချလာခဲ့လျှင် နေတိုး အုပ်စု၏ အဆင့်အတန်းသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်ကြိုတင်ပြင်ဆင်မှုသာဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောခဲ့သည်။
ဆယ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အာမေးနီးယားနိုင်ငံမြို့တော် ရာအီဗန်မြို့အနီးရှိလေ့ကျင့်ရေးကွင်းများ၌ပြုလုပ်ခဲ့ကြပြီး အမေရိကန်တို့၏ အမှတ် ၁၀၁ လေကြောင်းချီတပ်မနှင့် ကန်ဆတ် အမျိုးသားလုံခြုံရေးတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။
အမေရိကန်တပ်ဖွဲ့များကဒေသအတွင်း တင်းမာမှုများမြင့်တက်လျက်ရှိချိန်တွင် အာမေးနီးယားနိုင်ငံသို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။ အာမေးနီးယားနှင့် ၎င်း၏အရှေ့ဘက်ရှိအိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံတို့အကြား နာဂေါ်နို-ကာရာဘက် ဒေသပိုင်ဆိုင်မှုကိုအငြင်းပွားလျက်ရှိကြပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စစ်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သေးသည်။ ၎င်းဒေသကို အဇာဘိုင်ဂျန်နိုင်ငံ၏ နယ်စပ်ဒေသများအဖြစ် လက်ရှိတွင် နိုင်ငံတကာက အသိအမှတ်ပြုထားကြပြီး ဒေသအတွင်းတွင်မူ အာမေးနီးယန်းလူမျိုးတို့ များပြားစွာနေထိုင်လျက်ရှိသည်ကို တွေ့ရသည်။ နှစ်နိုင်ငံနောက်ဆုံးစစ်ပွဲက ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ခဲ့သေးပြီး ရုရှား၏ကြားဝင်ဖြန်ဖြေမှုဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မကြာမီကမူ အာမေးနီးယားနိုင်ငံနှင့်နယ်စပ်တွင် အဇာဘိုင်ဂျန်တပ်ဖွဲ့များက ရောက်ရှိအင်အားစုလာကြရာ အာမေးနီးယန်းအစိုးရက သတိပေးသော်လည်းအဇာဘိုင်ဂျန်ဘက်က ငြင်းဆိုခဲ့သည်။ ဤအချိန်တွင် အာမေးနီးယားအစိုးရကလည်း နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းပွဲပြုလုပ်ရန်အတွက် အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အပါအဝင် အနောက်နိုင်ငံများထံမှ ထောက်ခံမှုအကူအညီကို ရှာဖွေလာခြင်းဖြစ်သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်ကမူ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည့်အမေရိကန်တပ်ဖွဲ့များ အာမေးနိးယားနိုင်ငံသို့ရောက်ရှိလာခြင်းနှင့်အတူ အာမေနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် က ရုရှားအနေဖြင့် အာမေးနီးယားနိုင်ငံ၏လုံခြုံရေးကို အာမခံနိုင်ခြင်းမရှိကြောင်း၊ ကော့ကေးရှပ်တောင်ပိုင်းဒေသအတွင်း ရုရှားအစိုးရအနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကိုပျက်ကွက်ခဲ့ကြောင်း သတင်းစာရှင်းပွဲတစ်ခု၌ စွပ်စွဲပြောကြား ခဲ့သည်။ ထို့ကြောင့်အာမေးနီးယားနှင့်ရုရှားအကြား ဆက်ဆံရေးကလည်း မပြေမလည်ဖြစ်ခဲ့ရသည်။
ထိုသို့စွပ်စွဲမှုများထွက်ပေါ်အပြီးမှာပင် ဝန်ကြီးချုပ် ပါရှင်ယန်၏အစိုးရက ယူကရိန်းကိုတိုက်ခိုက်စဉ်အတွင်း စစ်ရာဇဝတ်မှုများကျူးကျော်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(အိုင်စီစီ)က စွဲဆိုထားချက်ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ထိုမျှမက ပါရှင်ယန်က အထောက်အပံ့ပေးရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းမြို့တော်၊ ကီးအက်ဗ် သို့လည်း အလည်သွားရောက်ခဲ့ပြန်သည်။ ရုရှားအစိုးရက မော်စကိုတွင် အာမေးနီးယားသံအမတ်ကိုဆင့်ခေါ်ကာ ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြမှုပြုကြောင်း ပြောခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာမေးနီးယားအစိုးရ၏လုပ်ဆောင်ချက်များက မိတ်ဆွေမပီသရာရောက်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့်လည်း ဒေသအတွင်းတင်းမာမှုပေါင်းစုံ မြင့်တက်နေချိန်တွင် ဤစစ်ရေးလေ့ကျင့်မှုက အခြေအနေကိုပို၍တင်းမာလာစေရန် ပြုလုပ်သလိုဖြစ်မည်ကို စိုးရိမ်နေကြသည်။
အမေရိကန်စစ်ဘက်ကမူ Eagle Partner 2023 စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံတပ်ဖွဲ့များ ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်ဆင်ရေးများပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် ပုံမှန်စစ်ရေးလေ့ကျင့်မှုသာဖြစ်ကြောင်းပြောခဲ့သည်။
Ref—-VOA