၁၂. ၉. ၂၀၂၃
Written by Peya
တရားမဝင် နေထိုင်သည့်အတွက် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသော်လည်း မိသားစုကို ဆက်သွယ်မရသောကြောင့် မြန်မာနိုင်ငံသားတစ်ဦး မလေးရှားတွင် သောင်တင်နေရကြောင်း မြန်မာလူမှုကူညီရေး အသင်း (မလေးရှား) က MT News သတင်းဌာနသို့ ဆက်သွယ်အသိပေးလာချက်အရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားမှာ အသက် ၄၄ နှစ်အရွယ် ကိုကြည်စိုးသိန်းဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ရန်အတွက် စာရွက်စာတမ်းများ လိုအပ်သော်လည်း မိသားစုကို ဆက်သွယ်မရသောကြောင့် မြန်မာနိုင်ငံသို့ မပြန်နိုင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လောလောဆယ်တော့ Camp ထဲမှာ နေနေရတာပေါ့။ ဖမ်းဆီးထိန်းသိမ်းခံရပြီး ချုပ်နှောင်တဲ့ရက်က ပြီးခဲ့တဲ့ ၂ လလောက်တည်းက ပြည့်သွားပြီ။ ဒါပေမယ့်လည်း မိသားစုကို ဆက်သွယ်လို မရဘူး ဖြစ်နေတာပါ။ မိသားစုက မှတ်ပုံတင် ရှေ့နောက် ဓာတ်ပုံရိုက်ပို့ပြီး ရပ်ကွက် ထောက်ခံစာ အပါအဝင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရရင် အဆင်ပြေပါတယ်” ဟု မြန်မာလူမှုကူညီရေး အသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကိုကြည်စိုးသိမ်း၏ မိသားစုဝင်များမှာ အိမ်အမှတ် ၃၅ ဘီ၊ သီရိမင်္ဂလာလမ်းသွယ်၊ အမှတ် ၁ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်ကြောင်း သိရသော်လည်း မည်သို့ ဆက်သွယ်ရမှန်းမသိ ဖြစ်နေခြင်းဖြစ်ကာ ၎င်း ၏ မိသားစုဝင်များ အဆိုပါနေရာတွင် ဆက်လက် နေထိုင်ခြင်း ရှိ၊ မရှိမှာလည်း မသေချာကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။