October 19, 2024

၁၂.၉.၂၀၂၃
Translated by Htwe Ko Tun

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း Daniel ကစက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် လစ်ဗျားနိုင်ငံ၏ အရှေ့ဘက်၌ရှိသော ဒါနာမြို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ရေကြီးမှုများကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးဖွယ်ရှိကြောင်းသတင်းများအရ သိရသည်။

လစ်ဗျားနိုင်ငံ၏ ပြိုင်ဘက်အစိုးရနှစ်ရပ်အနက် နိုင်ငံ့အရှေ့ပိုင်းအခြေစိုက်အစိုးရ၏ ဝန်ကြီးချုပ် အော့ ဆာမာ ဟာမတ် က မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာဒေသအတွင်းရှိ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဆည်နှစ်ခုလည်းကျိုးပေါက်ကာ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့၍ မုန်တိုင်းဒဏ်ခံရသည့် ဒါနာတစ်မြို့တည်း၌ပင် လူနှစ်ထောင်ကျော်သေဆုံးဖွယ်ရှိကာ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဖွယ်ရှိကြောင်းလည်းပြောကြားခဲ့သည်။

ဒေသခံများက စက်တင်ဘာ ၁၀ ရက်ညတွင် ဆည်နှစ်ခု ကျိုးပေါက်ပြီးနောက် ရေလွှမ်းမိုးမှုများ၌ လူပေါင်းများစွာပျောက်ဆုံးနေကြရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ ဆေးအဖွဲ့(သို့မဟုတ်)အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကမူ သဘာဝဘေးအတွင်းသေကြေပျက်စီးမှုကို အတည်မပြုသေးကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-12_11-36-07.jpg

လစ်ဗျားအရှေ့ပိုင်းစစ်တပ်မှ ဗိုလ်မှူးချုပ် အာမက် အယ်လ်-မစ်မာရီ က လူဦးရေ တစ်သိန်းခန့်နေထိုင်ရာ ဒါနာမြို့အတွင်း ရေလွှမ်းမိုးမှုများကြောင့် ပျောက်ဆုံးနေသူ ၅,၀၀၀ မှ ၆,၀၀၀ ခန့်ထိ ရှိနိုင်ကြောင်း ပြောခဲ့သည်။သို့ရာတွင် ဆက်သွယ်မှုများပြတ်တောက်နေသည့်အပြင် ပြိုင်ဘက်အစိုးရနှစ်ခုအကြား ၎င်းတို့၏တပ်ဖွဲ့များအတွင်း ဆယ်စုနှစ်ချီ၍ ကြာပြီဖြစ်သော အာဏာလုတိုက်ပွဲများကြောင့် အုပ်ချုပ်ရေးမှာလည်း အနှောင့် အယှက်ဖြစ်ကာ မုန်တိုင်းနှင့်ရေလွှမ်းမိုးမှုများကြောင့် သေကြေပျောက်ဆုံးသူ အတိအကျကို ခန့်မှန်းမှုပင်မပြုနိုင်ဘဲ ရှိနေရသည်။

ဆည်နှစ်ခုကျိုးပေါက်ပြီးနောက် လျင်မြန်စွာစီးဆင်းလာသော ရေစီးအဟုန်က အနီးရှိ ဒေသများကို ပြင်းထန်စွာဝင်ရောက်လွှမ်းမိုးခဲ့မှုကြောင့် ဤကဲ့သို့ လူပေါင်းများစွာသေကြေပျောက်ဆုံးနေကြရခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြည်သူအများအပြားမှာ အိပ်ပျော်နေကြခြင်းဖြစ်ကာ ၎င်းတို့နိုးလာချိန်တွင် အဆောက်အအုံများကို ရေပတ်ပတ်လည်ဝိုင်းကာ ထွက်ပြေးရန်လုံးဝမဖြစ်နိုင်ဖြစ်ကြရသည်ဟု ဆိုကြသည်။

This image has an empty alt attribute; its file name is photo_2023-09-12_11-36-19.jpg

စက်တင်ဘာ ၁၁ ရက် နံနက်တွင်မူ ပြင်းထန်သော မုန်တိုင်းအရှိန်နှင့် ရေတိုက်စားမှုတို့ကြောင့် ဒါနာမြို့အတွင်း မော်တော်ယာဉ်များရေစီးအောက်၌မျောပါလျက်ပျက်စီးနေကြကာ လမ်းများမှာလည်းဆိုးဝါးစွာပျက်စီးနေသည်ကို တွေ့ကြရသည်။

ဆိုင်ကလုန်း Daniel က အာဖရိကတိုက်၌ ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယမြောက် သဘာဝဘေးဒဏ်ခံရမှုလည်းဖြစ်သည်။ စက်တင်ဘာလ ၈ ရက်က မော်ရိုကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူဦးရေမှာလည်း စက်တင်ဘာလ ၁၁ ရက်အထိ ၂,၈၀၀ ကျော်အထိရှိသွားပြီဖြစ်ကာ ၂,၅၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

Ref—–The Guardian

Leave a Reply

Your email address will not be published. Required fields are marked *