October 19, 2024

၁၂. ၉. ၂၀၂၃
Written by Nay Moe

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့သည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ NUG က မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရန် အဆိုပါကိစ္စရပ်များကို အလေးထားပြောဆိုခဲ့ကြပြီး ဒူဝါလရှီးလနှင့် ဦးရည်မွန်အနေဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဗိုလ်နဂါးသည် မြန်မာ့တော်ဝင်နဂါးတပ်တော်ကိုဖျက်သိမ်းပြီး NUG ၏ COC အောက်သို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်ခွင့်မရသည့် စစ်ကိုင်း၊ မကွေး နှင့် မန္တလေးတိုင်းအတွင်းရှိ အဖွဲ့အစည်းများကို စုစည်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကို စတင်တည်ထောင်ကြောင်း စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့ပြီး ထိုသို့ကြေညာစဥ် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုကိစ္စများကို ဒူဝါလရှီးလ၊ ဦးရည်မွန်တို့နှင့် ဆွေးနွေးခဲ့ကြောင်း ဗိုလ်နဂါးက ပြောဆိုခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-09-12_10-46-26-1024x461.jpg

“ဒီကိစ္စက အားလုံးပြောနေသလို တစ်စင်ထောင်တာ၊ တစ်စုဖွဲ့တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး။ ကျွန်တော်တို့က ဒီကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ဆွေးနွေးပြီးဖြစ်တယ်။ ခက်ခက်ခဲခဲနဲ့ ခရီးသွားခဲ့ရပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့လူချင်းတွေ့ကြပြီးတော့ ရက်ရှည်၊ အချိန်ကြာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးလည်း ဖြစ်တယ်။ ဝန်ကြီးနဲ့တော့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပေမယ့် ဝန်ကြီးရယ်၊ ကျွန်တော်ရယ် နောက် သမ္မတကြီးရယ်ကတော့ Zoom Meetingမှာ တွေ့ပြီးတော့ ဒီကိစ္စကိုဆွေးနွေးခဲ့တယ်။ MRDA ကို နောက် ပူးပေါင်းလာတဲ့အဖွဲ့တွေနဲ့ COC စနစ်တကျတည်ဆောက်ပြီးတော့ စစ်ရေးမှာလည်း တိုင်းရင်းသားတွေရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့ Regular Army၊ Standard Army ပုံစံ သေချာဖွဲ့စည်းပြီးတော့ NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်သွားနိုင်ဖို့၊ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ကြေညာချက်တွေလည်းထုတ်ဖို့ ဆွေးနွေးကတိပြုခဲ့ကြပြီးတော့ လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ အားလုံးပြောနေကြသလို ဘယ်သူက ကြိုးကိုင်တာတွေ၊ တစ်စင်ထောင်တာတွေ ပြည်သူတွေကြားမှာ ပြောနေတာတွေ၊ စိုးရိမ်တာတွေရှိမှာစိုးလို့ ကျွန်တော် ဒီအချက်ကို ထည့်ပြောရခြင်းဖြစ်တယ်”ဟု BRNA စတင်တည်ထောင်သည့် စက်တင်ဘာ ၉ ရက်တွင် ဗိုလ်နဂါးက ပြောခဲ့သည်။

ဗိုလ်နဂါး၏ BRNA ကို တပ်ရင်း ၁၈ ရင်းနှင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ထပ်မံပူးပေါင်းလာသည့် အဖွဲ့အစည်းများလည်းရှိနေကြောင်း ဗိုလ်နဂါးက ပြောသည်။ NUG အနေဖြင့် COC တွင် ပါဝင်လာမှုမရှိသည့် LPDF အဖွဲ့များကို တိုက်ခိုက်နှိမ်နင်းမှုများရှိနေပြီး ထိုသို့ LPDF များကို NUG ​ဩဇာခံ PDF များ၊ ပကဖများက တိုက်ခိုက်သတ်ဖြတ်မှုကို တိုင်ကြားသော်လည်း အရေးယူမှုမရှိဖြစ်ခဲ့ပြီး လက်ရှိကာလတွင် ဗိုလ်နဂါး၏ တပ်ရင်းလေးခုက NUG ဩဇာခံကာ နုတ်ထွက်ချိန်တွင် ဗိုလ်နဂါးက BRNA ကို တည်ထောင်လာခဲ့သည်။ ထိုသို့ BRNA တည်ထောင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားလာမှုမှာ NUG နှင့် ပတ်သက် သက်ဆိုင်မှုမရှိကြောင်း NUG သမ္မတရုံးက ယနေ့တွင် တရားဝင် ငြင်းဆိုလာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *