October 18, 2024

MT News
၁၂. ၉. ၂၀၂၃

ယခုနှစ်အတွင်း ဈေးအတွင်းလိုအပ်သည့် အခြေခံ အဆောက်အဦများနှင့် ပွဲရုံဆိုင်ခန်းများ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်ရှိသေးသော်လည်း အစုရှယ်ယာရှင်များ၏ လိုအပ်ချက် မျှော်လင့်လိုလားချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ကုမ္ပဏီ၏အမြတ်ဝေစုမူဝါဒနှင့်အညီ ရှယ်ယာတစ်စုလျှင် ၁၂၀ ကျပ်နှုန်းဖြင့် ခွဲဝေရန် ဆွေးနွေးဆုံးဖြတ်ထားပြီး ထိုသို့အမြတ်ဝေစုပေးအပ်နိုင်မှုမှာ လေးနှစ်ဆက်တိုက်ပေးအပ်မှုဖြစ်ကြောင်း MAEX ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

“ကုမ္ပဏီအတွက်နဲ့ အစုရှယ်ယာရှင်တွေအတွက် အကျိုးကျေးဇူး ပိုမိုများပြားလာစေဖိုနဲ့ ရင်းနှီးထည့်ဝင် ထားတဲ့ အစုရှယ်ယာရှင်တွေအတွက် ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိနိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် တညင်းကုန်းစျေးကြီးကိုလည်း နိုင်ငံတကာအဆင့်မီ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လက်ကားဈေးကြီးအဖြစ် တည်ဆောက်ဖို့ကျန်ရှိတဲ့ အဆောက်အဦတွေကို အချိန်နဲ့တပြေးညီ ပြီးမြောက်အောင် တည်ဆောက်သွားမှာပါ”ဟု ဦးဝင်းအောင်က ပြောသည်။

မြန်မာအက်ဂရိုအိတ်ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)သည် ယခုနှစ် ဇူလိုင်လ ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စာရင်းဝင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများ စတင်ထုတ်ရောင်းခဲ့သည်။ စာရင်းဝင်ဖြစ်ခဲ့ပြီး ပထမဆုံး အစုရှယ်ယာများရောင်းဝယ်သည့်နေ့တွင် အစုရှင်များ၏ ရှယ်ယာများကို လွတ်လပ်စွာ ရောင်းဝယ်ခဲ့ကြရာ ထိုနေ့တွင် အစုရှယ်ယာပေါင်း ၁၁၂,၄၇၃ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စာရင်းဝင်ကုမ္ပဏီ(၈)ခု တွင် အရောင်းအဝယ်ဖြစ်မှုအများဆုံး ကုမ္ပဏီအဖြစ် စံချိန်တင်ခဲ့သည်။ ထို့ပြင် စာရင်းဝင်ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံရသည့်ပထမဆုံးလအတွင်း MAEX ၏ ရှယ်ယာရောင်းဝယ်မှုမှာ အစုရှယ်ယာပေါင်း ၆၉၈,၇၉၄ စု ဖြင့် ရန်ကုန် စတော့အိတ်ချိန်း (YSX) စတင်တည်ထောင်စဉ်မှစ၍ YSX စာရင်းဝင်ကုမ္ပဏီများ တစ်လအတွင်း ရှယ်ယာ ရောင်းဝယ်မှု အရေအတွက်၏ ၇၂ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ကျပ်ငွေ ၁ ဒသမ ၂၄ ဘီလျံ ဝယ်ယူရောင်းချခဲ့ကြပြီး တန်ဖိုးအားဖြင့် စုစုပေါင်း၏ ၅၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မားခဲ့သည်။ ယနေ့စက်တင်ဘာ ၁၂ ရက်တွင် MAEX ရှယ်ယာတစ်စုအဖွင့်စျေးမှာ ကျပ် ၁၈၀၀ ဖြစ်ပြီး ယမန်နေ့စျေးနှုန်းအတိုင်းတည်ငြိမ်နေသည်။

MAEX အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဥ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြှင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ် လီမိတက်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါ စည်းကမ်းချက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန်လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ် လီမိတက်သည် မူလကမကထပြု တည်ထောင်သူအဖြစ် ၄၅ ရာခိုင်နှုန်း ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *