October 19, 2024

၉. ၉. ၂၀၂၃

Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်မြောက်ပိုင်းတွင် ဆယ်နှစ်သားရှိသားဖြစ်သူမှာ ကားရပ်ရန် နေရာတစ်ခုတွင် ကျင်ငယ်စွန့်မိ၍ ဖမ်းဆီးခံခဲ့ရမှုအတွက် ၎င်း၏မိခင်က ရဲတပ်ဖွဲ့အားတောင်းပန်မှုပြုရန်နှင့် ဆီနာတိုဘီယာမြို့ရဲဌာနရှိ ရဲအရာရှိများအား အလုပ်မှရပ်စဲရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသောဆယ်နှစ်သားအရွယ်ရှိ ကွန်တာဗီးယပ်စ် အီဆန်၏ မိခင်ဖြစ်သည့် လာတိုညာ အီဆန်က ဩဂုတ် ၁၀ ရက်တွင် စီးပွားရေးလုပ်ငန်းတစ်ခု၌ ၎င်းနှင့်သားဖြစ်သူမှာ ချိန်းဆိုမှုတစ်ခုရှိ၍ရောက်ရှိလာခဲ့ကြောင်း၊ ကလေးဖြစ်သူက အလုပ်အပြင်ဘက်တွင် ၎င်းတစ်ဦးတည်းရှိနေစဉ် ဆီးသွားလာချင်ရာမှ အနီးအနားတွင် အများသုံးအိမ်သာမရှိဟူသည့် ဆိုင်းဘုတ်တစ်ခုကိုတွေ့မိသဖြင့် ၎င်းတို့ကားရပ်နားရန်အနီးတွင်ပင် ဆီးသွားခဲ့မိ‌ကြောင်း စက်တင်ဘာလ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းပွဲတွင် သတင်းထောက်များအားပြောခဲ့သည်။

ဆက်လက်၍ မိခင်ဖြစ်သူ လာတိုညာက ထိုအခိုက်တွင် ကားနှင့် ဖြတ်သန်းလာသော ရဲအရာရှိတစ်ဦးက ကွန်တာဗီးယပ်စ် ဆီးသွားနေသည်ကိုမြင်ပြီး ကားကိုရပ်ကာစီးပွားရေးလုပ်ငန်းရုံးအတွင်းဝင်ကာ ၎င်းအားရှာဖွေခဲ့ကြောင်း၊ ၎င်းလည်းအပြင်သို့ထွက်လာကာ သားဖြစ်သူအား ထိုအပြုအမူနှင့်ပတ်သက်၍ ဆိုဆုံးမခဲ့သဖြင့် ရဲအရာရှိလည်းကျေနပ်ခဲ့ကြောင်း ပြောခဲ့သည်။

ထို့ပြင် လာတိုညာက ဤကိစ္စကပြီးဆုံးပြီဟု မိမိကထင်ခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက သားဖြစ်သူကို ဤကဲ့သို့အပြုအမူမျိုး နောက်မပြုလုပ်ရန်ဆုံးမခဲ့ပြီး ရဲအရာရှိက လည်း မိမိအား မိခင်တစ်ဦးအနေဖြင့် ကောင်းစွာထိန်းချုပ်ဆုံးမခဲ့သည်ကိုတွေ့ရကြောင်းပြောခဲ့ပြီး သားဖြစ်သူအား မိမိတို့ကားဆီသို့ပြန်ခွင့်ပေးခဲ့ကြောင်း ပြောခဲ့သည်။

သို့သော် မကြာမီ ဆီနာတိုဘီယာမြို့ ရဲတပ်ဖွဲ့မှ အခြားရဲအရာရှိလေးဦးရောက်လာကာ ဆယ်နှစ်သာရှိသေးသော ကွန်တာဗီးယပ်စ် အီဆန်ကို ဖမ်းဆီး၍ ရဲကားတွင်းထည့်ကာ ရဲစခန်းသို့ခေါ်သွားခဲ့ကြောင်း၊ ကွန်တာဗီးယပ်စ်မှာ အချုပ်ခန်းအတွင်း ၄၅ မိနစ်မှ တစ်နာရီအထိ ချုပ်နှောင်ထားခြင်းခံရပြီး ကြီးကြပ်ကွပ်ကဲမှုလိုအပ်သော ကလေးဟူသည့်စွဲချက်ဖြင့် ကလေးသူငယ်တရားရုံးတွင် တရားစွဲခံခဲ့ရကြောင်း မိသားစုရှေ့နေ ကားလော့စ်မိုးကပြောခဲ့သည်။

မိခင်ဖြစ်သူ လာတိုညာက “ဒီအဖြစ်အပျက်မှာ အသားအရောင်ခွဲခြားမှုက အဓိကပါဝင်နေတယ်။ ရဲတပ်ဖွဲ့အနေနဲ့ လူဖြူကလေးတစ်ဦးဆို ဒီလိုပဲ အချုပ်ခန်းထဲထည့်ထားမလား။ ကျွန်မမေးချင်တယ်” ဟု မကျေမနပ်ပြောခဲ့သည်။ လာရောက်ဖမ်းဆီးသော ရဲအရာရှိက “ကျွန်တော်တို့သူ့ကိုအရေးယူဖို့ရှိတယ်။ သူ့အနေနဲ့ဒါမျိုးမလုပ်သင့်ဘူး” ဟုပြောကာ သားဖြစ်သူကိုကားအတွင်းမှ ထုတ်လျက် လက်များအနောက်တွင်ထားခိုင်းကာ ရဲကားအတွင်းသို့ခေါ်သွားခဲ့ခြင်းဟု ပြောခဲ့သည်။ ၎င်းက သားဖြစ်သူမှာအဖြစ်အပျက် တစ်လခန့်ရှိသွားသည့်တိုင် စိတ်ကယောက်ကယက်ဖြစ်ကာ ရဲကိုမြင်လျှင်အလွန်ကြောက်ရွံ့နေတတ်ကြောင်းလည်း ပြောသွားခဲ့သည်။

ယခုအခါ ရှေ့နေ ကားလော့စ်မိုးနှင့် အီဆန် မိသားစုက ရဲတပ်ဖွဲ့မှ ထိုကိစ္စအတွက်တောင်းပန်မှုပြုရန်နှင့် ဤ ကဲ့သို့ ဆယ်နှစ်သားကလေးကို ဖမ်းဆီးသူရဲအရာရှိများအားအလုပ်မှရပ်စဲရန် တောင်းဆိုခဲ့သည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *