October 19, 2024

၉. ၉. ၂၀၂၃

Written by Ye Kyaw

လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထားလမ်း ဖောက်လုပ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိကားလမ်းကိုလည်း လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ လည်း ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကူးလူးဆက်သွယ်သွားလာမှုများ အဆင်ပြေချောမွေ့လာမည်ဆိုပါက ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်းအား ဂျက်လေယာဉ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများကို အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် သဘာဝရေမြေတောတောင် အလှအပများနှင့် အရင်းအမြစ်များစွာရှိပြီးဖြစ်သည့်ဒေသဖြစ်ကြောင်း၊ ဂုတ်ထိပ်တံတားနှင့် တောတောင်ရေမြေသဘာဝအလှများသည် ခရီးသွားများကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း သာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ပြီး မျက်စိပသာဓဖြစ်ဖွယ် ရှိစေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားမည်ဆိုပါက ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *