October 19, 2024

◾ NUG နှင့် PDF တို့ တိုက်ခိုက်မှုကြောင့် ၂၀၂၁ နောက်ပိုင်းကတည်းက လျှပ်စစ်ဓာတ်အားရရှိမှု 2.5GW ကျော် ကျဆင်းသည့်အပြင် ဓာတ်အားလိုင်းကွန်ရက်ပါ တိုးတက်မလာခဲ့ဟု သိရ

၁၀. ၉. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးလိုင်းများ တိုက်ခိုက်ခံရမှုအနည်းဆုံး၂၂၉ ကြိမ်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော In the Dark: Power Sector Challenges in Myanmar အမည်ရှိ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရှိနေသော လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၏ ၇၇ ရာခိုင်နှုန်းသည် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာ နေရာများနှင့် ၁၀ ကီလိုမီတာအတွင်း၌ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားပေးမှုများနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများကို NUG နှင့် PDF တို့ တိုက်ခိုက်ခြင်းများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားရရှိမှု ၂ ဒသမ ၅ ဂစ်ဂါဝပ်(2.5GW) ကျော် လျော့နည်းကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက အိမ်နီးချင်းနိုင်ငံများထံမှ လျှပ်စစ်အား ရယူခြင်းအပါအဝင် လျှပ်စစ်ဓာတ်အားပေးလိုင်းများ သွယ်တန်းခြင်းကွန်ရက် တိုးတက်မှုမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်စနစ်များ တိုက်ခိုက်ဖျက်ဆီးခံရခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံရေးအငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်လုပ်ငန်းကို သက်ရောက်မှုများစွာဖြစ်ပေါ်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ ကျဆင်းခြင်းကြောင့် နိုင်ငံအတွင်း လျှပ်စစ်နှင့်ပတ်သက်သော Supply & Demand ကွာဟချက်များလည်း ပိုမိုကျယ်ပြန့်စွာဖြစ်လာစေခဲ့ကြောင်း၊ လက်နက် ကိုင်ပဋိပက္ခများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး စနစ်တည်ငြိမ်မှုများအပေါ် သက်ရောက်မှုများဖြစ်လာစေခဲ့သလို လျှပ်စစ်ဓာတ်အားထုတ်လုပ်သော အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံရှိမြို့ကြီးအချို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ နိုင်ငံတဝှမ်းရှိစက်မှုဇုန်များသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြင့်တွေ့ကြုံခဲ့ရပြီး လောင်စာဆီဈေးနှုန်းများ၊ ကုန်စျေးနှုန်းများလည်း မြင့်တက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှုများကို ဆက်ထိန်းထားနိုင်ရန်အတွက် လက်ရှိအချိန်မှစတင်ပြီး ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ နှင့် ၅၀၀ ကြားထုတ်လုပ်ပေးနိုင်ရန် လိုအပ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

Ref; Worldbank

Leave a Reply

Your email address will not be published. Required fields are marked *