MT News
၁၀. ၉. ၂၀၂၃
အမြန်လမ်းတွင် ယမန်နေ့ညက ယာဥ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်များအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မီးသတ်ဦးစီးဌာနနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၀/၂) နှင့် (၁၁၀/၃)ကြားတွင် Toyota Corolla Van (ခဲရောင်ယာဉ်)သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး၊ အမျိုးသမီးငယ်(၁)ဦး တို့အနက် အမျိုးသား(၁)ဦး အမျိုးသမီး( ၁) ဦးနှင့် အမျိုးသမီးငယ် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သော်လည်း စိုးရိမ်ရမှုမရှိကြောင်းနှင့် အခြားအမျိုးသမီး (၂) ဦးမှာမူ စိုးရိမ်ရသဖြင့် ၎င်းတို့အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီအသင်းပိုင်သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကို ၁၁၅ မိုင် ဖြူးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၂+၅)ဦး၊ ၁၁၅ မိုင် ဖြူးအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်(၃+၁၀)ဦးနှင့်အတူကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့သည်ဟုလည်း သိရသည်။
ထို့ပြင် ထိုည ၉ နာရီ ၅၀ အချိန်တွင်ပင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၆၁/၁-၂) ဖာလုံကြားတွင်၊ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းရ၍ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၁+၅)ဦး၊ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင်တပ်ဖွဲ့ဝင်(၃+၁၀)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်ဟုလည်း သိရသည်။
ထိုဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့၊မောင်းနှင်လာသော Nissan AD VAN အမျိုးစား (အဖြူရောင်)ယာဉ်မှာ နောက်ယာဉ်ကြောရှင်း/မရှင်းမကြည့်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်မှ လမ်းမကြီးပေါ်တက်ရောက်မောင်းနှင်စဉ် လားရာတူ နောက်မှမောင်းနှင်လာသော Daihatsu HIJET အမျိုးအစား(အဖြူရောင်)ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့သည်ဟု သိရသည်။
ထို ယာဥ်တိုက်မှုကြောင့် AD VAN ယာဥ်ပေါ်မှ ယာဥ်မောင်းအပါအဝင် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ အမျိုးသမီးငယ် (၂)ဦး၊ စုစုပေါင်း (၅)ဦးအနက် အမျိုးသမီးနှင့် ကလေးငယ် (၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ HIJET ယာဥ်ပေါ်မှ ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦးအနက်၊ အမျိုးသား(၁)ဦးတို့ထိခိုက်ဒဏ်ရာများရရှိသဖြင့်.မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။