၁၀. ၉. ၂၀၂၃
Writer & Photo Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ရေဝင်ရောက်ခဲ့သည့်ကျေးရွာများမှ စာသင်ကျောင်း ၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း မင်းဘူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နှစ်စဉ်မိုးတွင်းကာလ ဧရာဝတီမြစ်ရေကြီးချိန်တွင် ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်ခဲ့ကာ စာသင်ကျောင်းများပါ ရေနစ်မြုပ်မှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။
“မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ကာရေနစ်မြုပ်နေတဲ့ ကျေးရွာ ၈ ရွာက စာသင်ကျောင်းတွေကို ယာယီပိတ်ထားပါတယ်။ အဲဒီကျောင်းတွေက ပေါက်ငူကျေးရွာ အထက(ခွဲ)ကျောင်း၊ ပေါက်လေးပင်ကျေးရွာအမကကျောင်း၊ ပဒေသာကျွန်းကျေးရွာက မူလွန်ကျောင်းတွေကို စက်တင်ဘာ ၄ ရက်၊ ထုံးမကြီးကျေးရွာ အမကကျောင်းနဲ့ ရွာသစ်ကုန်းကျေးရွာ အမကကျောင်းနဲ့နိဗ္ဗာန်ကျွန်းကျေးရွာ အလကကျောင်းကို စက်တင်ဘာ ၅ ရက်၊ သနပ္ပင်စုကျေးရွာက အထက(ခွဲ)ကျောင်းနဲ့ ငွေသောင်ကျေးရွာက အလက(ခွဲ)ကျောင်းကို စက်တင်ဘာ ၆ ရက်နေ့တွေမှာ ယာယီပိတ်ထားရပါတယ်”ဟု မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှုးဦးအောင်မြင်က ပြောသည်။
မင်းဘူးမြို့နယ်အတွင်း သနပ္ပင်စုကျေးရွာရှိ အထက(ခွဲ) ကျောင်းတွင် ဆရာ/ဆရာမ (၁၃)ဦးနှင့်ကျောင်းစောင့်(၁) ဦး၊ ကျောင်းသား (၁၄၂) ဦး၊ ကျောင်းသူ(၁၅၃)ဦး၊ စုစုပေါင်း(၂၉၅)ဦးနှင့် ငွေသောင်ကျေးရွာ အလက(ခွဲ) ကျောင်းတွင် ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား(၅၁)ဦး၊ကျောင်းသူ(၅၅) ဦး စုစုပေါင်း(၁၀၆)ဦးရှိပြီး ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းခဲ့ပါက ကျောင်းများကိုပြန်လည်ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။
ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာလေးများမှာ ရေကြီးနစ်မြုပ်မှုများကြုံတွေ့နေရပြီး သနပ္ပင်စုကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုပေါင်း(၅၀)စုမှရေဘေးသင့်ပြည်သူ(၂၀၁)ဦး၊ ငွေသောင်ကျေးရွာမှရေဘေးသင့်အိမ်ထောင်စု(၈၆)စု၊ ရေဘေးသင့်ပြည်သူ(၃၇၃)ဦးတို့အား ရေလွတ်ရာနေရာအသီးသီးသို့ရွှေ့ပြောင်းနေရာချထားပေးရကြောင်းလည်း မင်းဘူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။