၁၀. ၉. ၂၀၂၃
Written by Thettant
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေး ထိခိုက်ရေးသားမှုကြောင့် ဒေါက်တာဖြိုးသီဟရဲ့ ပီတိအိမ်စာပေ ထုတ်ဝေခွင့်ကို ရုပ်သိမ်းလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်မှာတော့ “ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ထုတ်ဝေခြင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးဖြိုးသီဟ(ပီတိအိမ်စာပေ)၏ Facebook Page တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေ ခြင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ရုပ်သိမ်းလိုက် ကြောင်းနှင့် ၎င်းစာပေအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်” လို့ ဖော်ပြခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပီတိအိမ်စာပေထုတ်ဝေခွင့်ရုပ်သိမ်းခံရတာနဲ့ပတ်သက်ပြီး ဒေါက်တာဖြိုးသီဟက” ထုတ်ဝေခွင့်လိုင်စင် ပိတ်လိုက်တယ်ဆိုတာက ဒီစာအုပ်တိုက်နာမည်နဲ့ ဘာမှ ထပ်ထုတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျနော့်လုပ်ငန်း ဖြစ်နေလို့ ပိတ်လိုက်တဲ့ သဘောပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်စာအုပ်ဟောင်းတွေကိုပဲ ကုန်သွားရင် ပြန်ပြန်ရိုက်ပြီး သိုသိုသိပ်သိပ်နဲ့ ရောင်းနေတာပါ။ ဘာလုပ်ငန်းခွန်မှလည်း ဆောင်မနေပါဘူး။ တပည့်မတစ်ယောက်ကို လက်လွှဲထားခဲ့ပြီး သူကပဲ စီမံပေးပါတယ်။ အဲဒီ Passive income ဝင်ငွေနဲ့ ကျနော် ဒီမှာရပ်တည်တယ်။ လိုအပ်တဲ့ နေရာတွေကို လှူတယ်ပေါ့ဗျာ” လို့ စက်တင်ဘာ ၁၀ ရက် ဒီနေ့မှာ အသိပေးထားပါတယ်။