October 18, 2024

မိခင်ဖြစ်သူကပင် သား၏အပြုအမူအား အစာငတ်ခံဆန္ဒပြ

၁၁. ၉. ၂၀၂၃
Translated by Htwe Ko Tun

ဩဂုတ်လ ၂၀ ရက်က ဩစတြေးလျနိုင်ငံမှာ ကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ပြိုင်ဘက် အင်္ဂလန် အမျိုးသမီးအသင်းကို အနိုင်ရလို့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ကစားသမား ဂျက်နီဖာ ဟာမိုဆိုကို ဆုပေးပွဲအခမ်းအနားမှာ အနမ်းပန်းပေးခဲ့မိတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ် ရူဘီရယ်လ်ဟာ ရက်သတ္တပတ် အတန်ကြာ စွပ်စွဲမှုတွေ၊ ဝေဖန်မှုတွေအမျိုးမျိုးနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် စက်တင်ဘာ ၁၀ ရက်မှာတော့ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်သွားခဲ့ရတယ်လို့ သိရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း ရူဘီရယ်လ်ရဲ့ နုတ်ထွက်မှုကိုအတည်ပြုခဲ့ပြီး သူက ဥရောပဘောလုံးအဖွဲ့ချုပ်သမဂ္ဂ(UEFA) ဒုတိယဥက္ကဋ္ဌအဖြစ်ကလည်း တစ်ပြိုင်တည်း နုတ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

စပိန်အမျိုးသမီးအသင်း အောင်ပွဲခံပြီးတဲ့နောက် ဆုပေးပွဲအပြီးမှာ ရူဘီရယ်လ်က အမျိုးသမီးအားကစားသမားတွေကို ပွေ့ဖက်နမ်းရှုတ် နှုတ်ဆက်ခဲ့ပါတယ်။ ဂျက်နီဖာဟာမိုဆို ကိုတော့ ပွေ့ဖက်လို့ သူမရဲ့နှုတ်ခမ်းတွေပေါ်အထိ ရူဘီရယ်လ်က နမ်းခဲ့ပါတယ်။ ဒီလိုနှုတ်ခမ်းချင်းတေ့ နမ်းရှုတ်နေပုံက အွန်လိုင်းကတစ်ဆင့် ကမ္ဘာတလွှားချက်ချင်းရောက်ရှိခဲ့အပြီးနောက်မှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်သာမက ကမ္ဘာ့ဘောလုံး လောကမှာပါ ဒီအပြုအမူကို ထိတ်လန့်‌ဝေဖန်လာကြပါတယ်။

ဒီနောက်မှာတော့ ရူဘီရယ်လ် က ထိုအနမ်းအတွက် တောင်းပန်ပါကြောင်း၊ သူ့အနေနဲ့ နှစ်ဦးသဘောတူ နမ်းရှုတ်မိတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဟာမိုဆိုက နမ်းရှုတ်မှုမှာ သူမရဲ့ သဘောတူဆန္ဒ လုံးဝမပါကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဟာမိုဆိုက လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ရပ်အနေနဲ့ပါ တရားစွဲလာခဲ့ပါတယ်။

ဒီနောက်မှာတော့ ရူဘီရယ်လ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်မှ ဆိုင်းငံ့ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုခဲ့တာပါ။ စုံစမ်းမှုပြုနေစဉ်အတွင်းမှာပဲ ဒီကိစ္စကြောင့် စပိန်ဘောလုံးလောကမှာ ဂယက်ရိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ စပိန်အမျိုးသမီးအသင်းရဲ့ နည်းပြတွေက ရူဘီရယ်လ် ရဲ့ အနမ်းပန်း ပေးမှုအပြုအမူကို မကျေနပ်လို့ ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။ ကမ္ဘာ့ချန်ပီယံစပိန်အမျိုးသမီးအသင်းရဲ့ ကစားသမား ၂၃ ဦးအပါအဝင် စပိန်ဘောလုံးလောကရဲ့ ကစားသမား ၈၀ ကျော်ကလည်း ရူဘီရယ်လ်ကို အဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ဆက်ပေးရင် သူတို့အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ မကစားကြတော့ဘူးလို့ ဆိုလာကြပါတယ်။ စပိန်အမျိုးသားလက်ရွေးစင်အသင်းကလည်း ရူဘီရယ်လ်ရဲ့ အပြုအမူကို ရှုတ်ချခဲ့ပါတယ်။

နောက်ဆုံး ရူဘီရယ်လ် ရဲ့ မိခင်ဖြစ်တဲ့ အန်ဂျလီးစ် ဘီဂျာ က သားဖြစ်သူရဲ့အပြုအမူကို လူသားမဆန်တဲ့၊ သွေးဆာနေတဲ့မုဆိုးတစ်ယောက်ရဲ့ အပြုအမူမျိုးလို့ပြောခဲ့ကာ စက်တင်ဘာလ ၁၁ ရက်မှာ စပိန်နိုင်ငံ၊ ဂရီနာဒါပြည်နယ်၊ မိုထရီမြို့က ဘုရားရှိခိုးကျောင်းတစ်ခုအတွင်း ကိုယ့်ကိုယ်ကိုယ်လှောင်ပိတ်ကာ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။

ရွေးစရာမရှိတော့တဲ့ ရူဘီရယ်လ်အဖို့ ကမ္ဘာကျော်သွားခဲ့တဲ့ သူ့ရဲ့ဘောလုံးမယ်ကို လူကြားထဲ အနမ်းပန်းပေးခဲ့မှုကြောင့် စက်တင်ဘာလ ၁၀ ရက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ကလည်း နုတ်ထွက်ခဲ့ပြီလို့ သိရပါတယ်။

Ref—AP

Leave a Reply

Your email address will not be published. Required fields are marked *