၁၁. ၉. ၂၀၂၃
Written by Nay Chi
စက်တင်ဘာလအစက စတင်ပြီး အိမ်ခြံမြေအခွန်တွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေက ဖိဖိစီးစီးပြန်လိုက်နေကာ ရောင်းသူ ဝယ်သူ နှစ်ဖက်စလုံးက အခွန်ဆောင်မှ ဂရန်အမည်ပြောင်းလျှောက်ခွင့်ပေးတဲ့ ပုံစံပြောင်းလဲတင်းကျပ်လိုက်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေပညာအသင်းမှ လက်မှတ်ရ အိမ်ခြံမြေအကျိုးဆောင်တချို့က ဆိုပါတယ်။
အိမ်ခြံမြေ အရောင်းခွန် အဝယ်ခွန် ဥပဒေရှိပေမယ့် ဈေးကွက်ထဲမှာ လက်တစ်လုံးခြားကျင့်သုံးနေတာက ဝယ်သူဘက်ကအခွန်ဆောင်တဲ့ စနစ်သာ အသက်ဝင်နေတာပါ။ အခုစက်တင်ဘာလအတွင်းမှာတော့ တောင်ဒဂုံ၊ မြောက်ဒဂုံဘက်က ဂရန်အမည်ပေါက် အိမ်ခြံမြေတွေမှာ အရောင်းရော အဝယ်ဘက်ကိုပါ အခွန်လိုက်နေတာလို့ အိမ်ခြံမြေ အကျိုးဆောင်ထံကနေ သိရပါတယ်။
“အပြင်မှာတော့အသံထွက်တယ် ၁၀ ရာခိုင်နှုန်းဆောင်ဖို့ပေါ့။ ရောင်းခွန်ပေါ့။ လက်ရှိအနေအထားအထိတော့ မြို့နယ်စုံကို မခိုင်းသေးဘူ။ တချို့မြို့နယ်တွေမှာရောင်းခွန်ကို အတင်းဆောင်ခိုင်းနေပြီ။ စာချုပ်ရင် ရောင်းသူပါခေါ်လာခိုင်းတာမျိုးပေါ့။ ဝယ်ခွန်က ၇ ရာခိုင်နှုန်း ရောင်းခွန်က ၁၀ ရာခိုင်နှုန်း။ ရောင်းခွန်ကို ပြန်ဆောင်ခိုင်းနေပြီပေါ့။ ကျွန်တော်ကြုံရတဲ့ ပြဿနာတစ်ခုဆိုရင် လှိုင်သာယာမှာဖြစ်တာ အရောင်းအဝယ်လုပ်ကြတော့ ရောင်းခွန်ကိစ္စကို စာချုပ်ထဲမှာထည့်ရေးတာပေါ့။ အရောင်းသမားက သူဒီဈေးနဲ့ရောင်းထားပြီးသားမို့ အခွန်မပေးနိုင်ဘူးတွေ ဘာတွေနဲ့ အရောင်းအဝယ်ပျက်မလိုဖြစ်တာ။ ရောင်းသူတွေဘက်က အလေ့အကျင့်သိပ်မရှိသေးတော့ သေချာပြောပြညှိနှိုင်းရတယ်။ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်” လို့ Yangon City အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းထွန်းက ပြောပါတယ်။
အရင်က မြေကွက်တစ်ကွက်ကို အခွန်ဆောင်အမည်ပြောင်းမယ်ဆိုရင် ပုံမှန်က ဝယ်သူကပဲ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကြေး စတာတွေ အခွန် ဆောင်ရပါတယ်။ သက်ဆိုင်ရာအခွန်ရုံးက ရောင်းသူကို ရောင်းခွန်(အမြတ်တော်ခွန်) လာရောက်ဆောင်ဖို့ အကြောင်းကြားစာပို့ပေမယ့် ဆောင်သူရှိသလို မဆောင်သူလည်းရှိကြတယ်လို့ သိရပါတယ်။ ရောင်းသူဘက်က ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးတဲ့အခါ အချိန်တန်ရင် တံဆိပ်ခေါင်းခွန်ဆောင်ပြီဆိုတာနဲ့ ပတခ(ဝင)-၈ စာရွက်ကျလာပါတယ်။ ပြီးရင်တံဆိပ်ခေါင်းတွေနဲ့ မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။
မြောက်ဒဂုံမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်ကိုဇေယျာ က“ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူက ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရင်တောင် အခက်အခဲတချို့ကြုံနေရတာ။ ဝယ်သူဘက်က ဝင်ငွေခွန်အရင်ဆုံးဆောင်တယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ဖို့ကြတော့ အရင်ကလို အခွန်ရုံးက ဝယ်သူကို ရက်ချိန်းမပေးတော့ဘူး။ ရောင်းသူဘက်ကို ရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာနဲ့ စာတိုက်ကနေတစ်ဆင့်ပေးပို့ ပြီး ဆောင်ခိုင်းတယ်။ ရောင်းသူဘက်က ရောင်းခွန်လာမဆောင်ပေးရင် ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးပေါ့။ ရောင်းသူဘက်က ရောင်းခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ပေးရတာ။ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းတော့တယ်” လို့ လက်ရှိရောင်းခွန် စတင် လိုက်နေပြီဖြစ်တဲ့ အခြေအနေကို ပြောပါတယ်။
မြန်မာ့ကျပ်ငွေ တန်ဖိုးကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် လက်ထဲ ကျပ်ငွေကိုင်ထားတာထက် ပိုသေချာတဲ့ အိမ်ခြံမြေ၊ ရွှေနဲ့ ဒေါ်လာဈေးကွက်မှာ ရင်းနှီးမြှပ်နှံလာကြတာပါ။ ဇူလိုင်လအတွင်းက ထွက်ရှိခဲ့တဲ့ ကျပ် နှစ်သောင်းတန် ဂယက်နဲ့အတူ ဈေးတက်မယ်မှန်းထားကြတဲ့ အိမ်ခြံမြေက ထင်သလောက်မတက်လာတဲ့အပြင် စက်တင်ဘာလ ပထမအပတ်မှာ ရွှေနဲ့ ဒေါ်လာက ဈေးပြုတ်ကျတဲ့ အနေအထားလည်း ဖြစ်ပေါ်နေပါတယ်။