October 18, 2024

၁၁. ၉. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထံမှ ရေနံများ ရရှိရန်အတွက် တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးကို အသုံးပြုပေးချေနေရပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံစလုံးသည် နိုင်ငံသုံး ကိုယ်ပိုင်ငွေကြေးများ အပြန်အလှန် အသုံးပြုပေးချေနိုင်မည့်သဘောတူညီချက်တစ်ရပ်စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝန်ကြီး ဒေါက်တာကံဇော်က “ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံသုံး ယွမ်ကိုအသုံးပြုနေရတယ်။ ရုရှားနိုင်ငံသုံး ရူဘယ်လ်နဲ့ပေးချေတာမျိုးမရှိဘူး။ ကျွန်တော်တို့ဟာ ရုရှားနဲ့ ကျပ်-ရူဘယ်လ် သဘောတူညီမှုရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်။ ကျပ်-ရူဘယ်လ် သဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေပါတယ်”ဟုပြောသည်။

ဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားနိုင်ငံ Vladivostok မြို့ရှိ Far Eastern Federal University တက္ကသိုလ်တွင် ကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်နားချိန်အတွင်း ရုရှားအခြေစိုက် Sputnik သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှထွက်ရှိသောရေနံများကို လက်ခံရရှိနေကြောင်း နစကအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သော စက်တင်ဘာလက ရုရှားအခြေစိုက် Sputnik သတင်းဌာနသို့ ပြောဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်လုပ်ကိုင်နိုင်ရန်အတွက် သဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေကြောင်းလည်း ဒေါက်တာကံဇော်ကပြောသည်။

ထို့အပြင် ဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ ငွေကြေးပေးချေမှုစနစ်ဖြစ်သော MIR Payment System ကတ်အသုံးအပြုမှုများကို လာမည့် အောက်တိုဘာလတွင် စတင်လက်ခံသွားဖွယ်ရှိနေကြောင်း ပြောသည်။

၎င်းက “MIR ကတ်စနစ်အသုံးပြုမှုတွေကို လာမယ့် အောက်တိုဘာလမှာ စတင်အသုံးပြုသွားဖွယ်ရှိနေပါတယ်”ဟုပြောသည်။

MIR ကတ် အသုံးပြုမှုများနှင့်ပတ်သက်ပြီး သဘောတူညီချက်ကို ဗဟိုဘဏ်နှင့် ပြည်တွင်းစီးပွားရေးဘဏ်ခြောက်ခုလက်မှတ်ရေးထိုးထားကြောင်း ဒေါက်တာကံဇော်က ပြောသည်။

ထို့အပြင် ၎င်းက ” ရုရှားနိုင်ငံဟာ စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီအောင်ကူညီပေးနေတယ်။ ရုရှားနိုင်ငံဟာ အာဆီယံဒေသအတွင်းရှိ ဈေးကွက်များကို ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုပစ္စည်းများတင်ပို့ကူညီပေးနေတယ်။ ဒါဟာ အာဆီယံဒေသအတွင်း စီးပွားရေးကိုတည်ငြိမ် တိုးတက်မှုတွေဖြစ်စေတယ်။ အပြန်အလှန်အားဖြင့် အာဆီယံနိုင်ငံတွေဟာလည်း ရုရှားနိုင်ငံကို နည်းပညာလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်း၊ အခြေခံအဆောက်အဦဆိုင်ရာလုပ်ငန်းတွေမှာ ရုရှားရင်းနှီးမြှုပ်နှံနိုင်အောင် အခွင့်အရေးကမ်းလှမ်းပေးရမယ်”ဟုစီးပွားရေးဖိုရမ်အတွင်းပြောဆိုခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။

Ref; sputniknews

Leave a Reply

Your email address will not be published. Required fields are marked *