October 18, 2024

၁၀. ၉. ၂၀၂၃
Written by Nay Aung

ရုရှားနိုင်ငံတွင် ကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်လာသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားအစိုးရတာဝန်ရှိသူများနှင့် နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေမည့် စာချုပ်အပါအဝင် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း မြန်မာစက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ရုရှားအခြေစိုက် TASS သတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ခရီးသွားလုပ်ငန်းအပါအဝင် သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သတ္တုစက်ရုံစီမံကိန်း လုပ်ဆောင်နေတယ်။ အဲဒီစီမံကိန်းကိုလည်း ဆက်လက်လုပ်ဆောင်မှာပါ “ဟု ဒေါက်တာချာလီသန်းက အစည်းအဝေးနားချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားနှင့် မြန်မာနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် လက်ရှိအချိန်တွင် အလွန်မြင့်မားသော အဆင့်တန်းမျိုးကို ရောက်ရှိနေပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်းက ပြောသည်။

မြန်မာစက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ” ရုရှားနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ လက်ရှိအချိန်မှာအလွန်ကောင်းမွန်တဲ့ အဆင့်အတန်းမျိုးကိုရောက်ရှိနေတယ်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ လျင်မြန်စွာနဲ့ ဖွံ့ဖြိုးတိုးတက်နေတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့အစည်းအဝေးကို ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်ဟာ ဗလာဒီဗော့စတော့မြို့ကို လာရောက်ခဲ့တယ်။ ဒီနှစ်မှာတော့ ရုရှား မိတ်ဖက်အဖွဲ့အစည်းတွေဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေနောက်ထပ်ဖွံ့ဖြိုးတိုးတက်စေဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့တယ်”ဟုပြောသည်။

၈ကြိမ်မြောက်ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၅ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လေကြောင်းတိုက်ပျံသန်းပြေးဆွဲမှုများကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်ပွဲကို မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကာဇက်စတန်၊ ဘီလာရုစ့်၊ မွန်ဂိုလီးယား၊ ရုရှားနှင့် စင်ကာပူနိုင်ငံတို့မှကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Ref;TASS

Leave a Reply

Your email address will not be published. Required fields are marked *