၁၁. ၉. ၂၀၂၃
Written by Thuta Zaw
KNU လက်အောက်ခံ KNLA က တပ်မဟာ ၃ ခု အတွက် တပ်မဟာမှူးနှင့် ဗျူဟာမှူးအဆင့် တာဝန်ရှိသူ ၆ ယောက်ကို အသစ်ခန့်အပ်လိုက်ကြောင်း ဒေသတွင်း သတင်းဌာန၏ ရေးသားချက်နှင့် MT News က KNU သတင်းရင်းမြစ် အချို့ကို မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ထိုသို့ ခန့်အပ်ကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြီးစီးခဲ့သည့် KNLA ၏ ၆ လပတ် တပ်မှူးများ အစည်းအဝေးတွင် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် ကရင်အမျိုးသားမီဒီယာ၏ သတင်းတွင် ကနဦး ဖော်ပြလာခြင်း ဖြစ်သည်။
“ခန့်လိုက်တာက မှန်ပါတယ်။ တပ်မဟာ ၄၊ ၆ နဲ့ ၇ အတွက် တပ်မဟာမှူးတွေ အသစ်ခန့်ထားလိုက်တာ။ ပြောရမယ်ဆို လူလဲတာပေါ့။ လူကြီးနဲ့ လူလတ်ပိုင်း လဲပြီး ခန့်အပ်တဲ့ သဘောပါ” ဟု KNU သတင်းရင်းမြစ်တစ်ဦးက MT News သတင်းဌာနကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ပြုလုပ်ပြီးစီးခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၆လပတ်တပ်မှူးများ အစည်းအဝေးတွင် တပ်မဟာ ၇ ၊ တပ်မဟာ ၆၊ တပ်မဟာ ၄ ၏ တပ်မဟာမှူးများကို အသစ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ယခင် အထက်ပါ တပ်မဟာများ ၏ တပ်မဟာမှူးများမှာ တပ်မဟာ ၄ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ် စောလေးမူ၊ တပ်မဟာ ၆ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးနှင့် တပ်မဟာ ၇ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ် စောဖာဒို ဖြစ်သည်။
လက်ရှိ အသစ်ခန့်အပ်လိုက်ရာတွင် တပ်မဟာ ၄ တပ်မဟာမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ ၆ တပ်မဟာမှူးမှာ ဗိုလ်မှူးကြီးစောကို့ထူးနှင့် တပ်မဟာ ၇ တပ်မဟာမှူး အသစ်မှာ ဗိုလ်မှူးကြီးစောဒိကွယ်ထူးတို့ဖြစ်ပြီး တပ်မဟာ ၇ ၏ ဗျူဟာမှူးအသစ်မှာ စောဖိုးဒူ၊ တပ်မဟာ ၆ ၏ ဗျူဟာမှူးအသစ်မှာ စောနယ်ဒါးထူး၊ တပ်မဟာ ၄ ၏ ဗျူဟာမှူးအသစ်မှာစောလေးသေ့ ဖြစ်ကြောင်း သိရသည်။
“ဒါတွေက လက်ရှိ ရာထူး နဲ့ တာဝန်အသစ်ပေါ့နော်။ ပြီးရင်တော့ သက်ဆိုင်ရာအလိုက် ရာထူးတိုးသွားဖို့ ရှိပါလိမ့်မယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။