October 19, 2024

တရုတ်နှင့် စစ်အေးကာလအသစ်ဖန်တီးရန်မဟုတ်ဟု ဂျိုးဘိုင်ဒန် ပြော

၁၁. ၉. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သော ဂျီ-၂၀ အစည်းအဝေးအပြီး ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်‌ရေးအလည်အပတ်ခရီး ရောက်ရှိလာခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒန်၏အလည်ခရီးက နှစ်နိုင်ငံမိတ်ဖက်များအဖြစ်တည်ရှိမှု၏ ဆယ်နှစ်ပြည့်မြောက်သည့်အချိန်တွင်ဖြစ်ပြီး အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စွမ်းအင်၊ ပြည်သူအချင်းချင်းဆက်သွယ်မှုနှင့် အခြားကဏ္ဍများတွင်ပါ မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ကြခြင်းကို ပိုမိုခိုင်မာစေရန်ဆောင်ရွက်သွားမည်ဟု ကတိပြုကြကြောင်းလည်း ဟနွိုင်းမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

ဂျိုးဘိုင်ဒန်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် အမေရိကန်‌ပြည်ထောင်စုနှင့်ဗီယက်နမ်တို့အကြား အနီးကပ်ဆက်ဆံမှုများတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုထိန်းချုပ်ရန်ဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း၊ အမေရိကန်အစိုးရ အနေဖြင့် တရုတ်နိုင်ငံနှင့်ချစ်ကြည်စွာဆက်ဆံမှုကိုသာ လိုလားကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ပြောခဲ့သည်။

ဂျိုးဘိုင်ဒန်၏ ဗီယက်နမ်ခရီးစဉ်အတွင်း အမေရိကန်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား ‘ပြည့်စုံကျယ်ပြန့်သော မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ်တည်ဆောက်ရေး’ သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ကြသည်။ ၎င်းသဘောတူညီချက်က ဗီယက်နမ်အနေဖြင့် ၎င်း၏သံတမန်ဆက်ဆံရေးအဆင့်အတန်းတွင် အမေရိကန်အား တရုတ်၊ရုရှား၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများကဲ့သို့ပင် ထိပ်ဆုံး၌ ထားရှိလိုက်ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်က တရုတ်နိုင်ငံ၏ ဒေသအတွင်း စီးပွားရေးနှင့်စစ်ရေးလွှမ်းမိုးမှု ကျယ်ပြန့်လာခြင်းကိုတားဆီးရန် အမေရိကန်အစိုးရ၏ ဆောင်ရွက်မှုအဖြစ်လည်း ရှုမြင်ကြသည်။

သို့ရာတွင် ဂျိုးဘိုင်ဒန်က အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့ ဤစာချုပ်ကိုချုပ်ဆိုခြင်းက တရုတ်နိုင်ငံအား ထိန်းချုပ်ပိတ်ဆို့ရန်မဟုတ်ပါကြောင်းနှင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့် စစ်အေးကာလအသစ်တစ်ခုကို ဖန်တီးသွားမည်လည်းမဟုတ်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ဖူးထရုံး ကလည်း ဗီယက်နမ်အနေဖြင့် သဘောတူညီချက်အတိုင်းအကောင်အထည်ဖော်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောခဲ့သည်။ သို့ရာတွင် ဂျိုးဘိုင်ဒန်၏ခရီးစဉ်မတိုင်မီကပင် ဗီယက်နမ်နိုင်ငံက ရုရှားမှ လက်နက်များလျှို့ဝှက်ဝယ်ယူရန်စီစဉ်ခဲ့ကြောင်း New York Times သတင်းစာကဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့က ဗီယက်နမ်စစ်ပွဲအပြီး နှစ် ၂၀ အကြာ ၁၉၉၅ ခုနှစ် တွင် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ကြခြင်းဖြစ်သည်။

Ref—- CNA, AA

Leave a Reply

Your email address will not be published. Required fields are marked *