October 18, 2024

ထိုင်းနှင့် တရုတ်နယ်စပ်မှ သွင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများကို တွေ့ရစဉ်

၁၁. ၉. ၂၀၂၃
Written by Ye Kyaw

ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းနေမှုကြောင့် သွင်းကုန်ပစ္စည်းများ တင်သွင်းရာတွင် ယခင်ထက် ဈေးနှုန်းကျဆင်းသွားခဲ့သော်လည်း စက်သုံးဆီဈေးနှုန်း ကျဆင်းမှုမရှိသေးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပုံမှန်ထက်ကြန့်ကြာမှုများရှိနေသဖြင့် သွင်းကုန်ပစ္စည်းများ ထိုက်သင့်သလောက် ဈေးနှုန်းကျဆင်းလာခြင်းရှိသေးကြောင်း မြဝတီနယ်စပ်ရှိ သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကားခတွေက လက်ရှိမှာ လုံးဝမကျသေးဘူး။ အဓိကတော့ ဆီဈေးနှုန်းလည်းမြင့်နေတယ်။ လမ်းစရိတ်ကလည်း ပုံမှန်ထက်ကို ကြန့်ကြာမှုတွေရှိတော့ ကုန်ကျစရိတ်က လမ်းမှာပဲများနေတာပေါ့။ ဒေါ်လာဈေးကျတဲ့ဟာကျတော့ ဟိုဘက်ကကုန်စည်ဝယ်ယူတဲ့ပိုင်းမှာ ဈေးကျတယ်။ အခြားသော သယ်ယူပို့ဆောင်ရေးအပိုင်းမှာ ပြောင်းလဲမှုမရှိဘူး။ တစ်ဖက်နဲ့ငွေချေရတဲ့အနေအထားမှာ ဟိုဘက်မှာလှမ်းဝယ်ရတဲ့ဟာကတော့ ကျသွားတဲ့အတိုင်းအတာလေးတွေရှိတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ သက်ရောက်မှုတော့ မရှိသေးဘူးပေါ့နော်” ဟု မြဝတီနယ်စပ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခင်အမြင့်ဈေးထက် ထပ်မံမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၃၁၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၄၂၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၅၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၇၅ ကျပ်အထိ မြင့်တက်ခဲ့သည်။

သွင်းကုန်လုပ်ငန်းရှင်များကို တစ်ဒေါ်လာ ၂၉၂၀ ဝန်းကျင်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားသဖြင့် သွင်းကုန်များကို ပြင်ပဒေါ်လာအမြင့်ဈေးနှင့် တွက်ချက်မရောင်းချရန် သတိပေးထားသည့်အပြင် လက်ရှိတွင် ဒေါ်လာဈေးနှုန်း သိသိသာသာကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းလာခြင်းမရှိသေးဘဲ စက်တင်ဘာလ ၁၁ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၂၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၁၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၅၁၅၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၉၀ ကျပ်ရှိ ယခင်အမြင့်ဈေးထက်ပင် ဆက်လက်မြင့်တက်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း တစ်ဒေါ်လာကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ သိသိသာသာကျဆင်းလာခဲ့ပြီး လက်ရှိတွင် တစ်ဒေါ်လာ ကျပ် ၃,၃၀၀ အောက်သို့ ကျဆင်းခဲ့သည်။ သိုသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဩဂုတ်လ တတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဈေးနှုန်းထက်ပင် ထပ်မံမြင့်တက်မှုများရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *