October 18, 2024

၁၁. ၉. ၂၀၂၃
Written by Hey Mar

အောင်ဇေယျကြိုးတံတားအဆင်း၊ ကြိုးဆိုင်းတိုင်ခြေရင်း လူသွားစင်္ကြန်လမ်းမှာ အမည်မသိ အမျိုးသမီးတစ်ဦးဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေတဲ့ရုပ်အလောင်းကို စက်တင်ဘာ ၉ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ပြီး ဖြစ်စဉ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းနေတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ အောင်ဇေယျကြိုးတံတားအဆင်း၊ ကြိုးဆိုင်းတိုင်ခြေရင်း လူသွားစင်္ကြန်လမ်းမှာ အဝတ်အစားမပါဘဲ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို လမ်းသွားလမ်းလာတွေက စတင်မြင်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားရာက လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ မြို့မရဲစခန်းမှူး အပါအဝင် တာဝန်ရှိသူတွေ အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၃ နှစ်ခန့် အမည်မသိအမျိုးသမီးဖြစ်ပြီး ခန္ဓာကိုယ်အပေါ်အောက်အဝတ်အစားမပါဘဲ မှောက်လျက်အနေအထားနဲ့ ယာနားထင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာနားရွက်အောက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လည်ပင်း ထိုးသွင်း ဒဏ်ရာ (၁)ချက်၊ ဝဲ/ယာရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှာ ထိုးသွင်းဒဏ်ရာ (၅)ချက်၊ ယာလက်မောင်းထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ဝဲ/ယာလက်ဖျံ ပြတ်ရှုဒဏ်ရာ(၆)ချက်တို့ ရရှိထားတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အမည်မသိ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ရဲဆေးစာရေးသားပြီး လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို ပို့အပ်ခဲ့ရာ ဆေးရုံက PR-01 နဲ့ လက်ခံစစ်ဆေးလျက်ရှိပြီး ဒီလို အသက်သေဆုံးအောင် ပြုလုပ်သူကို ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့အတွက် လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းက (ပ)၁၀၂၃/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ (၃၀၂)အရ အမှုရေးဖွင့်ကာ ဆက်လက်စစ်ဆေးစုံစမ်းနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *