October 19, 2024

၁၁. ၉. ၂၀၂၃
Written by Peya

စစ်တွေမြို့၏ တစ်ခုတည်းသော ညစျေးတွင် သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသူ စျေးသည်များလည်း ထည့်သွင်း ရောင်းချနိုင်ရေး ဆောင်ရွက်ရန် စီစဉ်နေကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ စျေးကို စက်တင်ဘာ ၉ ရက်တွင် စစ်တွေမြို့ရှိ သံပုရာသီးလမ်းဆုံအနီး မြေကွက်လပ်နှင့် လမ်းမကြီးတွင် ဖွင့်လှစ်ခဲ့ကာ ဖွင့်ပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

“ငါးတို့ ဟင်းသီးဟင်းရွက်တွေ ရောင်းလာရင်လည်း ဆိုင်ခန်းက များလာမှာပါ။ အဲ့ဒါကိုတော့ အခြေအနေအရ နေရာမချပေးသေးဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ညနေဘက် ရုံးဆင်းလာတဲ့ ဝန်ထမ်းတွေ ဝယ်သွားလို့ ရအောင်ပေါ့။ ဒါတွေလည်း စီစဉ်ဖို့ ရှိပါတယ်။ ဒီ လေးငါးရက်အတွင်း စျေးအခြေအနေ ကြည့်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အဆိုပါစျေးကို ရေရှည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်းလည်း ၎င်းက ဆိုသည်။

“သူတို့က ရောင်းချင်နေကြတယ်။ သား၊ ငါး ဆိုတော့ အနံ့နံတာ ဖြစ်မှာစိုးလို့ ဘယ်လို လုပ်ရင်ကောင်းမလဲပေါ့နော်။ ရောင်းခွင့်တော့ ပေးမှာပါ။ လောလောဆယ်ကတော့ ဒီ တစ်ရက်၊ နှစ်ရက်မှာ သူတို့ကို နေရာ မပေးသေးပါဘူး။ လိုအပ်ချက်တွေလည်း ရှိလာတယ် ဆိုရင်တော့ လုပ်ပေးမှာပါ” ဟု ဦးရွှေမောင်က ဆိုသည်။

စစ်တွေမြို့​တွင် ယခင်က ညစျေး ရှိခဲ့သော်လည်း ကာလတစ်ခု ပျောက်ကွယ်ခဲ့ပြီးနောက် ယခုအခါ ညစျေးကိုပြန်လည် စတင်ခြင်းဖြစ်ပြီး စျေးရောင်းချချိန်မှာ ညနေပိုင်း ၄ နာရီမှ ညပိုင်း ၁၀ နာရီအထိ ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *