October 19, 2024

၁၁. ၉. ၂၀၂၃
Written by Nyein Kya

ကရင်ပြည်နယ်အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ မြဝတီမြို့နယ်အနီးရှိ ကျေးရွာ ၁၄ ရွာတွင် နေထိုင်သော ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေအိမ်များအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီများဖြင့် ဆောင်ရွက်လိုသဖြင့် တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ဘားအံမှာရှိတဲ့ ရုံးမှာလည်း လာစုံစမ်းလို့ရတယ်။ နယ်ဝေးကသူတွေဆို ဖုန်းနဲ့သိချင်တာလှမ်းမေးလို့ရတယ်။ အခုလောလောဆယ်တော့ အစ်ကိုလည်း သေချာမသိသေးတော့ အသေးစိတ်ကိုတော့ မရှင်းပြနိုင်သေးဘူး။ ကျေးရွာတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာတော့ရှိတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တင်ဒါလျှောက်လွှာများကို ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် စက်တင်ဘာလ ၁၃ ရက်မှ ၂၇ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ မှ အောက်တိုဘာ ၄ ရက်အထိ အဆိုပါရုံး၌ပင် တင်ဒါလျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အောက်တိုဘာ ၁၃ ရက်တွင် တင်ဒါဖွင့်လှစ်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ကရင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဖုန်း- ၀၉-၄၂၂၄၈၆၇၅၈၊ ၀၉-၇၇၇၆၁၈၇၃၇၊ ၀၉-၅၆၆၂၁၆၂၊ ၀၉-၅၆၆၂၁၆၉ သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *