October 18, 2024

၁၁. ၉. ၂၀၂၃
Written by Nay Aung

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်သောအစိုးရတစ်ရပ်ကိုထူထောင်ခဲ့ပြီး ခေတ်သစ်မြန်မာနိုင်ငံတွင် အခက်အခဲပြဿနာများဖြစ်လာစေရန်အတွက် အုတ်မြစ်ချလုပ်ဆောင်ခဲ့ကြောင်း စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ရုရှားနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်နေ့က ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောဆိုချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ရုရှားအခြေစိုက် Sputniknews သတင်းဌာနက ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက “ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာဒေသခံပြည်သူများအပေါ် ၎င်းတို့ရဲ့ဘာသာစကား၊ ဓလေ့ထုံးတမ်းများနဲ့ တန်ဖိုးများကို ချမှတ်ခဲ့ပြီး မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အလေ့အထတွေကို သိသိသာသာ ယိုယွင်းပျက်စီးစေခဲ့တယ်။ ဗြိတိန်အစိုးရဟာ ဗဟိုချုပ်ကိုင်တဲ့ အုပ်ချုပ်ရေးစနစ်ကိုထူထောင်ပြီး နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဗဟိုချုပ်ကိုင်မှု ဒီနေ့အချိန်အထိ ဆက်ရှိနေဆဲဖြစ်ကာ လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေဖြစ်လာစေဖို့ မျိုးစေ့များ ကြဲချခဲ့တယ်”ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-09-11_10-27-34.jpg

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် ၁၉ ရာစု ပထမနှစ်ဝက်တွင် စတင်ခဲ့ကြောင်း အင်္ဂလိပ်-မြန်မာ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အနှစ်တစ်ရာအတွင်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရကာ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေခဲ့ရကြောင်းလည်း ဝန်ကြီးဒေါက်တာချာလီသန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝန်ကြီး ဒေါက်တာချာလီသန်းက “ဗြိတိန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ထားတဲ့ ကိုလိုနီစနစ်ရဲ့ လူသိများအထင်ရှားဆုံး လက္ခဏာတစ်ခုမှာ စီးပွားရေးအရ အမြတ်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံကနေ ကျွန်းနဲ့ တွင်းထွက်သတ္တုပစ္စည်းများအပါအဝင် သယံဇာတ အမြောက်အမြား ရယူခဲ့တယ်။ ခေါင်းပုံဖြတ်မှုတွေလည်းရှိခဲ့တယ်။ ဒီလိုမျိုးလုပ်ဆောင်မှုတွေက မြန်မာနိုင်ငံအတွင်းရှိဒေသခံများကို ပျက်စီးတာတွေ၊ မမျှတမှုတွေ ဖြစ်စေခဲ့တယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတွေဟာ ဗြိတိသျှအင်ပါယာကို ထိထိရောက်ရောက်တာဝန်ထမ်းဆောင်မယ့် အစေခံအရာရှိတွေကို မွေးထုတ်နိုင်ဖို့ ကိုလိုနီပညာရေးစနစ်ကိုလည်း ဖန်တီးလုပ်ဆောင်ခဲ့တယ်။ ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ချိန်ကာလအတွင်းမှာ နည်းပညာပိုင်းဆိုင်ရာပညာရပ်၊ သက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်တွေကို သင်ကြားလုပ်ဆောင်ပေးတာမျိုးမရှိခဲ့ဘူး။ ဗြိတိသျှ ကိုလိုနီအစိုးရဟာ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ ဒီလိုမျိုး လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးမှာယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကျွမ်းကျင်လုပ်သားအင်အား မရှိဘဲဖြစ်ခဲ့ရတယ်” ဟု ပြောသည်။

Ref; sputniknews

Leave a Reply

Your email address will not be published. Required fields are marked *