October 19, 2024

၁၀. ၉. ၂၀၂၃

Written by Nay Aung

မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်ပြီး လူပေါင်း ၈၀၀၀၀ ကျော် ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့ ကပြောသည်။

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းအချို့ ဖြန့်ဝေထားသော်လည်း မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန် လိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA)က ဖော်ပြထားသည်။

ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာရသူ၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is 375972348_122106276764030934_1355199452070665676_n.jpg

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတဝှမ်းရှိ လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာနေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်နေကြောင်း OCHA က ဆိုသည်။ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များသည် အထူးသဖြင့် နိုင်ငံအရှေ့ တောင်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများကို အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရန် အဟန့်အတားဖြစ်စေခဲ့ကြောင်း OCHA က သတင်းထုတ်ပြန်ထားသည်။

လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များလျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်ကြောင်း၊ ယခုနှစ် ရှစ်လအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန်များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသာရရှိထားကြောင်း OCHA က ​ပြောသည်။

Ref; UN

Leave a Reply

Your email address will not be published. Required fields are marked *