October 19, 2024

တော်လှန်ရေးကာလတွင် တော်လှန်ဘက်တော်သားအချင်းချင်း အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှု မကြာခဏဖြစ်ပေါ်နေဟု ပြော

၁၀.၉. ၂၀၂၃
Written by Nay Moe

NUG အစိုးရအဖွဲ့ဝင်များနှင့် PDF များ၏ လိင်ကိစ္စအမြတ်ထုတ်မှုများ မုဒိမ်းမှုများဖြင့် အမည်ပျက်များစွာထွက်ပေါ်နေချိန်တွင် တော်လှန်ရေးအကြောင်းပြကာ အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သည့် နွေဦးတော်လှန်ရေးဆရာတော်အား လူမှုပြစ်ဒဏ်ပေးရေး ပူးပေါင်းပေးရန် အမျိုးသမီးမဟာမိတ်အင်အားစု (Women Aliance Burma) က  တောင်းဆိုလိုက်သည်။

NUG ၏ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က တော်လှန်ရေးလုပ်သူမင်းသမီးတစ်ဦးနှင့် PDF အမျိုးသမီးငယ်တစ်ဦးကို အငယ်အနှောင်းပြုကျင့်သည်ဟု ပြည်ပတွင်နေထိုင်သော NUG ထောက်ခံသူ San Maw အကောင့်ပိုင်ရှင်က ဖော်ထုတ်ရေးသားနေပြီး ချောင်းဦးပကဖလေးဦးက အမျိုးသမီးနှင့် ကလေးငယ် ၇ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုနှင့် ဆော PDF ၈ ဦးက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ၊ NLD ပါတီ၏ တွံတေးအတွင်းရေးမှူးအောင်မင်းက ရန်ကုန်တက္ကသိုလ်မှ CDM တွဲဘက်ပါမောက္ခ၏ အသက်ငါးနှစ်အရွယ်သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်မှုအား NUG က ထိုင်းနိုင်ငံတွင် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့သဖြင့် ဝေဖန်မှုများကြုံနေချိန်တွင် နွေဦးတော်လှန်ရေးဆရာတော်၏ လိင်အမြတ်ထုတ်မှုပါ ထပ်မံပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

Women Aliance Burma (WAB) ၏ ထုတ်ပြန်ချက်အရ လက်ရှိ အချိန်တွင်  ဘွဲ့အမည်အရှင်​ကေသရ နွေဦးဆရာတော်သည် (Ke Sa Ra Account) မှ တော်လှန်ရေးလှုပ်ရှားသူ  အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်သည့် သတင်းများလူမှုကွန်ရက်စာမျက်နှာပေါ်တွင်သက်သေအခိုင်မာနှင့်တကွ ပျံ့နှံ့လျက်ရှိသော်လည်း နွေဦးဆရာတော်အနေဖြင့် သက်သေများအား  ၀န်ခံခြင်းမရှိဘဲ ဆက်လက်ဟန်ဆောင်ဖုံးကွယ်နေလျက်ရှိသည်ဟု ပြောသည်။

အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အမျိုးသမီးမဟာမိတ်အင်အားစု၊ တော်လှန်ရေးလှုပ်ရှားသူများမှ နစ်နာသူ ညီအစ်မများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ရာနွေဦးဆရာတော်(Ke Sa Ra) အနေဖြင့်  လိင်အမြတ်ထုတ်မှုများကျုးလွန်ရုံသာမက နစ်နာသူများအပေါ် ခြိမ်းခြောက်ခြင်းများ၊ လုံခြုံရေးအရ တိုက်ခိုက်ခြင်းများကိုပါ ကျူးလွန်နေသည်ကို သက်​သေအခိုင်အမာနှင့်တကွတွေ့ရှိရသည်ဟု WAB က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအမျိုးသမီးများမှ နွေဦးဆရာတော်အနေဖြင့် အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှု၊ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့‌သော မိမိအပြစ်အား ဝန်ခံပြီး တောင်းပန်ရန်နှင့် သာသနာ၀တ်ရုံခြုံထားလျက် ဝိနည်းနှင့် မလျော်ညီစွာ နှောင့်ယှက်ပြောဆိုခဲ့သည့်လုပ်ရပ်သည် သာသနာညှိုးနွမ်းစေသည့်လုပ်ရပ်ဖြစ်၍ လူဝတ်လဲရန် တောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုချက်နှင့်အညီ လိင်အမြတ်ထုတ်ခြိမ်းခြောက်မှုကျုးလွန်သူ နွေဦးဆရာတော်မှ မိမိအပြစ်အားဝန်ခံ၍ နစ်နာသူ အမျိုးသမီးများ၏ တောင်းဆိုချက်အား အမြန်ဆုံးလုပ်ဆောင်ပေးပါရန် အမျိုးသမီးမဟာမိတ်အင်အားစုနှင့် တော်လှန်ရေးလှုပ်ရှားသူများမှ သတိပေးလိုက်ပြီး အမျိုးသမီးမဟာမိတ်အင်အားစုနှင့် တော်လှန်ရေးလှုပ်ရှားသူများသည် နစ်နာသူအမျိုးသမီးများဘက်မှ အပြည့်အဝရပ်တည်ပြီး ကူညီသွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

လိင်မှုကျူးလွန်သူ နွေဦးဆရာတော်ကိုလည်း လူမှုရေးပြစ်ဒဏ်အနေဖြင့် ဝိုင်းဝန်းရှုတ်ချရမည်ဖြစ်ပြီး နစ်နာသူအမျိုးသမီးများ၏ တရားမျှတမှုအတွက် ဝိုင်းဝန်းရပ်တည်ပေးကြဖို့ အထူးလိုအပ်ကြောင်းလည်း WLB က ပြောသည်။

အဆိုပါဖြစ်ရပ်အပါအဝင် တော်လှန်ရေးကာလတွင် တော်လှန်ဘက်တော်သားအချင်းချင်း အမျိုးသမီးများအပေါ်လိင်အမြတ်ထုတ်ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ထိုလုပ်ရပ်များသည် တော်လှန်ရေးကိုပုံပျက်စေသည့်အတွက် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုပူးပေါင်းကာ ထိုလုပ်ရပ်များကို ကန့်ကွက်ငြင်းဆန်ပြီး ပြစ်မှုကျုးလွန်သူများ၊ အရေခြုံတော်လှန်ရေးသမားများကို လူမှုအပြစ်ဒဏ်ခံယူကြစေရန်နှင့် သက်ဆိုင်ရာ တရားစီရင်ရေးဌာနများမှ ထိရောက်သော အပြစ်ပေး အရေးယူမှုများ ပြုလုပ်ပေးရန်လည်း အမျိုးသမီးမဟာမိတ်အင်အားစုက တောင်းဆိုလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *