October 18, 2024

၉. ၉. ၂၀၂၃

Written by Min Mahar

စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မှတ်ပုံတင်စမတ်ကတ်ပြုလုပ်ပေးနေစဉ် PDF သုံးဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ၃ ဦးဒဏ်ရာရရှိသွားပြီး နှစ်ဦးမှာမူ စိုးရိမ်ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၈ ရက်) ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကျေးရွာရှိပြည်သူများကို စမတ်ကတ်ပြုလုပ်ပေးနေစဉ် PDF အဖွဲ့မှ အမည်မသိ အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ၃ ဦးအား သေနတ်အရှည် ၂ လက်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများရရှိသွားသောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ PDF သုံးဦးသည် သေနတ်ဖြင့် ပစ်ခတ်သွားပြီးနောက် မန္တလေး-မြစ်ကြီးနားကားလမ်းမကြီးအတိုင်း မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း MT News သတင်းဌာနသို့ အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းကဲ့သို့ပစ်ခတ်သွားသည့်အတွက် အသက် ၇၀ အရွယ်ခန့်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးတွင် ယာဘက်ပုခုံးကို ကျည်ရှပ်ထိသွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ အသက် ၅၁ နှစ်အရွယ် ရာအိမ်မှူးတွင် ယာဘက်ခါးကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် အသက် ၅၈ နှစ်ခန့်ရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ယာဘက်ခါးကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ အနီးဝန်းကျင်တွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းမှုများပြုလုပ်သွားပြီး ပစ်ခတ်သူများကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *