၈. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ထောက်ပံ့ပေးနိုင်မှုနှင့် လိုအပ်သုံးစွဲမှုကြား ကွာဟချက်ကြီးမားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂ ဒသမ ၅ ဂစ်ဂါဝပ်ကျော် (2.5 Gigawatts-GW) လျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့အရည်(LNG)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စက်ရုံနှစ်ခု လုပ်ငန်းများ ဆိုင်းငံ့ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်းနှင့်အတူရေအားလျှပ်စစ်ထုတ်လုပ်သည့် သိုလှောင်ကန်များတွင်ရေများလျော့နည်းခြင်း၊ ပြည်တွင်း သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုလိုအပ်ချက်များရှိနေခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ၏လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မှုများ လျော့နည်းခဲ့ရသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပါဝင်သော သဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စက်ရုံများကို ထုတ်လုပ်မှု ဆိုင်းငံ့ထားရကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။
အစိုးရက ရေအားလျှပ်စစ်ထုတ်လုပ်မှုအသစ်နှင့် ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကြိုးပမ်းနေသော်လည်း တိုးတက်မှုများ နှေးကွေးနေဆဲဖြစ်ကြောင်း၊လာမည့်နှစ်များအတွင်း ပြည်တွင်း သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင်လည်း ဓာတ်ငွေ့ကုန်ခမ်းခြင်း၊ ဓာတ် ငွေ့ထုတ်လုပ်နိုင်မှုလျော့နည်းဖွယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုနှင့် လိုအပ်သုံးစွဲမှုကြား ကွာဟချက်တိုးလာနေခြင်းသည် နိုင်ငံ၏ ယုံကြည်စိတ်ချရသော လျှပ်စစ်ဝန်ဆောင်များရရှိရန်အတွက် အဓိက စိန်ခေါ်မှုများဖြစ်လာနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ၂၀၁၉ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရပြီး အဆိုပါကာလက လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ် ၃၀၀ ကျော်သာ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင်အသုံးပြုသော ရေပမာဏလျော့နည်းခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ၂၀၂၂ ခုနှစ် နှစ်လည်တွင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလေးခုကို ယာယီဆိုင်းငံ့ခြင်းများလည်းရှိနေခဲ့ကြောင်း ကမ္ဘာဘဏ်ကဆိုသည်။
ထို့အတွက်ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းနှင့် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်စွမ်းကို လိုအပ်ချက်များရှိလာစေခဲ့ကြောင်း သိရသည်။
Ref; World Bank