၈. ၉. ၂၀၂၃
Translated by Htwe Ko Tun
ယခုအခါ အမေရိကန်ပြည်သူအများစုက သမ္မတ ဂျိုးဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏ စီးပွားရေးလုပ်ငန်း၊ အရောင်းအဝယ်များတွင် ပါဝင်ပတ်သက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ညံ့ဖျင်းစွာကိုင်တွယ်ခဲ့သည်ဟု ယုံ ကြည်နေကြကြောင်း သိရသည်။
စီအန်အန်သတင်းဌာနက မကြာမီက ပြုလုပ်ခဲ့သော ဆန္ဒမဲကောက်ခံမှုတစ်ရပ်၌ အမေရိကန်ပြည်သူအများစုက ဂျိုးဘိုင်ဒန် အနေဖြင့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား အစိုးရတွင် ဒုတိယသမ္မတအဖြစ်တာဝန်ယူခဲ့စဉ်က သားဖြစ်သူ ဟန်တာဘိုင်ဒန်၏ ပြည်ပနိုင်ငံများနှင့်စီးပွားရေးအရောင်းအဝယ်ပြုလုပ်မှုများတွင် ဆက်စပ်ပါဝင်ခဲ့သည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့ကြသည်။ ၎င်းတို့က ဂျိုး ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏လုပ်ငန်းများသို့ သင့်တော်သောစုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ဟု ယုံကြည်ကြောင်းလည်း ဆန္ဒမဲကောက်ယူမှုတွင် ဖော်ပြခဲ့ကြသည်။
အထူးအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဒေးဗစ်ဝိစ်က ၎င်းအနေဖြင့် ဟန်တာဘိုင်ဒန်ကို လက်နက်မှုစွဲချက်များပြုလုပ်ရန်ကြိုးစားနေကြောင်း မကြေညာမီ ဆန္ဒမဲစစ်တမ်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒမဲပေးသူများအနက် ၆၁ ရာခိုင်နှုန်းက သမ္မတဘိုင်ဒန်သည် ယူကရိန်းနှင့် တရုတ်တို့သို့ သားဖြစ်သူ၏ အရောင်းအဝယ်ကဏ္ဍများ၌ပါဝင်နေသည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ကြသည်။
၎င်းတို့အနက် ၄၂ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်သည် ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ယူဆကြသည်။ ၁၈ ရာခိုင်နှုန်းကမူ ဥပဒေချိုးဖောက်ခြင်းဟု မယူဆဘဲ ကျင့်ဝတ်နှင့်မညီစွာပြုမူမှုဟုဆိုကြသည်။ ၃၈ ရာခိုင်နှုန်းက သမ္မတအနေဖြင့် သားဖြစ်သူ၏လုပ်ငန်းများတွင်ပါဝင်ပတ်သက်ရန်အကြောင်း လုံးဝမရှိဟုဆိုကြကာ တစ်ရာခိုင်နှုန်းကသာ ဂျိုးဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သော်လည်း အမှားအယွင်းမရှိခဲ့ဟု ဆိုကြသည်။
ထိူစစ်တမ်းအရ အမေရိကန်ပြည်သူ ၅၅ ရာချိုင်နှုန်းက ဂျိုးဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏လုပ်ငန်းအား စုံစမ်းစစ်ဆေးမှုတွင်လည်း မသင့်တော်မလျော်ကန်စွာ ပြုမူခဲ့ကြောင်း မဲပေးဖော်ပြခဲ့ကြပြီး ၄၄ ရာခိုင်နှုန်းကမူ သမ္မတအနေနှင့် သင့်တော်မှန်ကန်စွာပြုမူခဲ့သည်ဟု ယူဆခဲ့ကြသည်။
ဂျိုးဘိုင်ဒန်ကမူ ထိုပြောကြားချက်များကို ငြင်းပယ်ခဲ့ပြီး ပြောကြားစွပ်စွဲခဲ့သော အောက်လွှတ်တော် ရီ ပတ်ဘလစ်ကန်အမတ်များအနေနှင့် ခိုင်မာသည့်သက်သေမရှိဟုဆိုခဲ့သည်။ သို့သော် ဒီမိုကရက်ပါတီဝင်တို့၏ သုံးပုံတစ်ပုံကပင် ဂျိုးဘိုင်ဒန်အနေဖြင့် သားဖြစ်သူ၏ စီးပွားရေးလုပ်ငန်း အရောင်းအဝယ် များ တွင် ပါဝင်ပတ်သက်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုများကို ညံ့ဖျင်းစွာကိုင်တွယ်ခဲ့သည်ဟု ယုံကြည်နေကြကြောင်း သိရသည်။
Ref-Hindustan Times