ရွှေနှင့် ဒေါ်လာစျေး ရာခိုင်နှုန်း ၂၀ ကျော်မြင့်တက်ခဲ့ရာမှ ၁၀ ရာခိုင်နှုန်းကျော်ဆီ ကျဆင်းလာခြင်းဖြစ်
၈. ၉. ၂၀၂၃
ဒေါ်လာနှင့်ရွှေဈေးကစားသူများကို အရေးယူမည်ဟု သတိပေးပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၀၀၀ နှင့် အခေါက်ရွှေ ကျပ်သိန်း ၄၀ နီးပါးသို့ ရောက်ရှိခဲ့သည့် ဒေါ်လာနှင့်ရွှေဈေး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ အောက်နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအောက်သို့ စတင်ကျဆင်းလာခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင် ပြည်တွင်း၌ ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၃,၉၆၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၇၀,၀၀၀ အထိ မြင့်တက်ခဲ့သဖြင့် ဇူလိုင်လနှင့်နှိင်းယှဉ်လျှင် တစ်လအတွင်း ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် (၂၅ ရာခိုင်နှုန်းကျော်) နှင့် ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၀၀,၀၀၀ ကျော် (၂၁ ရာခိုင်နှုန်းကျော်) ကျော်မြင့်တက်မှုများရှိခဲ့သည်။
စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ဒေါ်လာနှင့်ရွှေဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၃,၄၆၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၇၀,၀၀၀ သို့ ကျဆင်းလာခဲ့ပြီး အမြင့်ဆုံးမြင့်တက်ခဲ့သည့် ဩဂုတ်လ ၁၈ ရက်နှင့်နှိုင်းယှဉ်လျှင် သုံးပတ်ကျော်အတွင်း ဒေါ်လာဈေး ကျပ် ၅၀၀ (၁၃ ရာခိုင်နှုန်းခန့်) နှင့် ခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၀၀,၀၀၀ (၁၃ ရာခိုင်နှုန်းခန့်) ပြန်လည်ကျဆင်းခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဒေါ်လာနှင့်ရွှေဈေးနှုန်း ဖြစ်သင့်သည့်ဈေးနှုန်းထက် အလွန်အမင်းမြင့်တက်ခဲ့မှုများကြောင့် ဗဟိုဘဏ်က ဈေးကစားသူများကို ဥပဒေအရ အရေးယူမည်ဟု ဩဂုတ်လ ၂၀ ရက်မှစ၍ ဆက်တိုက် သတိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြင်ပပေါက်ဈေးနှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျော်ဖြင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေသည့် သွင်းကုန်လုပ်ငန်းရှင်များကို ဝိသမလောဘသားအဖြစ် သတ်မှတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတိပေးခဲ့ပြီးနောက် ထိုသို့ သတိပေးထားသော်လည်း ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှု မရှိသေးသည့် အချို့သောဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထပ်မံသတိပေးခဲ့ပြီး ထိုသို့သော သတိပေးမှုများနောက်တွင် ယခုကဲ့သို့ ကျဆင်းလာနေခြင်းဖြစ်သည်။