၈. ၉. ၂၀၂၃
Written by Thettant
ဇလွန်မြို့ ဖောင်တော်ချိတ်ဘုရားအနီး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကလေးငယ်လေးဦး ရေနစ်ပျောက်ဆုံးနေသည်ဟု မီးသတ်ဦးစီးဌာနနှင့် ဒေသခံပြည်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်၊ ဖောင်တော်ချိတ်ဘုရားအနီး၊ ဧရာဝတီမြစ်အတွင်းသို့ ကျား(၃)ဦး၊ မ(၁)ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ဇလွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
“အသက် ၇ နှစ်၊ ၈ နှစ်နဲ့ ၉ နှစ်အရွယ် ယောက်ျားလေးသုံးယောက်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ပါ။ သူတို့ ဧရာဝတီမြစ်ထဲရေဆင်းကူးကြရင်း နစ်မြုပ်ပျောက်ဆုံးနေတာ။ အခုထိတော့ မိန်းကလေးငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းပဲ ပြန်တွေ့ပါသေးတယ်။ ဆက်လက်ရှာဖွေနေဆဲပါ” ဟု ဇလွန်မြို့ခံတစ်ဦးက လက်ရှိရှာဖွေနေဆဲအခြေအနေကို ပြောသည်။
လက်ရှိတွင် ကလေးငယ်လေးဦး ရေနစ်ပျောက်ဆုံးနေသည့်နေရာကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး ဇလွန်မြို့ မီးသတ်တပ်ဖွဲ့အပြင် ရေဘေးကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များကလည်း ကူညီရှာဖွေပေးနေသည်ဟု သိရသည်။