October 19, 2024

ဓာတ်ပုံ _ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

၉. ၉. ၂၀၂၃
Written by Hey Mahn

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နဲ့ ပိန်းဇလုပ်မြို့ကြား၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကားပျက်လို့ရပ်ထားတဲ့ ၂၂ ဘီးယာဉ်ကို ၁၂ ဘီးယာဉ်က အရှိန်နဲ့ ဝင်တိုက်မိလို့ ၁၂ ဘီးယာဉ်ရဲ့ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက်မှာ သွေးထွက်ရာတချို့ရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၈ ရက် ည ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ညောင်လေးပင်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၈၇/၈)နှင့်(၈၈/၀)ကြားမှာ ကားပျက်လို့ရပ်ထားတဲ့ Nissan (၂၂)ဘီး (အဖြူရောင်) ယာဉ်ကို Fuso (၁၂)ဘီး(အဝါရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်ရောက်တိုက်မိပြီး Fuso ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်(၂)ဦး ကားခေါင်းမှာ ညပ်နေတယ်လို့ အကြောင်းကြားလာတာကြောင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းက ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်၊

ညောင်လေးပင်မြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။ ပါဝင်ကူညီဆောင်ရွက်ခဲ့တဲ့ ညောင်လေးပင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “နောက်ကဝင်တိုက်တဲ့ ကားရဲ့ ယာဉ်မောင်းက အသက် ၄၀ ဝန်းကျင်လောက် တော့ရှိမယ်။ ခြေထောက်နှစ်ဖက်လုံး ညပ်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းက အတော်ထိထားတယ်။ ယာဉ်နောက်လိုက်ကတော့ သွေးထွက်ဒဏ်ရာတချို့ရပေမယ့် သိပ်မစိုးရိမ်ရဘူး။ ယာဉ်မောင်းကို မီးသတ်က တာဝန်ရှိသူတွေက ကားကို ဖြတ်တောက်ပြီး အပြင်ကို သယ်ထုတ်နိုင်ပေမယ့် ဆေးရုံပို့တဲ့ လမ်းမှာဆုံးပါတယ်” လို့ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *