October 18, 2024

တယ်လီဂရမ်ချန်နယ်များတွင် ထွက်ပေါ်နေသည့် ကျူးလွန်သူ၏ ဓာတ်ပုံ

၉. ၉. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်ကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ ကနဦး သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာလ ၄ ရက်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၁၈ရပ်ကွက်၊ အနန္တသူရိယလမ်းရှိနေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၉ နှစ်အရွယ် အမျိုးသားက အိမ်အောက်ထပ် အခန်းထဲတွင် ဓားဒဏ်ရာဖြင့် တစ်ဦးတည်း သေဆုံးနေသည်ကို တွေ့ရပြီး ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူတို့ကို အိမ်အပေါ်ထပ် အခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်သည်။

“ဖမ်းမိတာကတော့ မှန်ပါတယ်။ ဘယ်နေ့ မိတယ်ဆိုတာကို မသိပါဘူး။ အခုချိန်မှာ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ CCTV မှတ်တမ်းတွေအရ ဖော်ထုတ်နိုင်တယ်လို့ သိရပါတယ်။ ကျွန်တော်လည်း ဒီလောက်ပဲ သိရပါသေးတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ဇနီးမောင်နှံမှာ ရပ်ကွက်အတွင်း ငွေတိုး ချေးငှားသူများ ဖြစ်ပြီး ကျူးလွန်သူနှင့် သူငယ်ချင်းလည်း ဖြစ်ကာ အခင်းဖြစ်ပွားသည့်အချိန်တွင် ကျူးလွန်သူက အိမ်သို့ ရောက်လာပြီး ပိုက်ဆံ နှစ်သိန်းချေးရာ မပေးသည့်အတွက် ကလေး အပါအဝင် မိသားစု သုံးဦးစလုံးကို ဓားဖြင့် ထိုးသ-တ်ခဲ့ခြင်းဖြစ်ပြီး ရွှေထည်နှင့် ငွေကြေးများကို ယူသွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *