October 18, 2024

🔳 ဒီမိုကရေစီသို့ ကူးပြောင်းရေးလုပ်ငန်းစဉ်နှင့် အထွေထွေရွေးကောက်ပွဲများကြောင့် ၂၀၀၆ နှင့် ၂၀၁၆ ခုနှစ်တို့တွင်လည်း ယခုကဲ့သို့ တာဝန်လွှဲပြောင်းမှုများရှိခဲ့ဟု ဆို

၉. ၉. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံတော်ကို တည်ဆောက်နေသည့် ကာလဖြစ်သဖြင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရန်အတွက် အချိန်အနည်းဆုံး နှစ်နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်နေသည့် ကာလဖြစ်သဖြင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေမှု ရှိ/မရှိကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေးပို့၍ သဘောထား မေးမြန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စကို မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့လည်း အသိပေးထားပြီးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်တွင် ၎င်းမှ အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေပါကြောင်းနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌနှင့်ကျန်အဖွဲ့ဝင်များကို အသိပေးပြောကြားမည်ဖြစ်ကြောင်း တရားဝင်အကြောင်းပြန်ကြားမှုပြုခဲ့ပြီး၊ ထို့နောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူ၍ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယဥက္ကဋ္ဌတာဝန်ကို ၂၀၂၇ ခုနှစ်အစား ၂၀၂၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်များ၏ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ကြောင်း စာပေးပို့ခဲ့ခြင်းဖြစ်သည်။

(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၏ စာပိုဒ် (၁၅) တွင် “၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန်ဆုံးဖြတ်ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု ဖော်ပြပါရှိခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် အချို့သော နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ပတ်သက်၍ ၎င်းတို့လိုလားသည့်ပုံစံများဖြင့် အဓိပ္ပါယ်လွဲမှားစွာ ဖော်ပြနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်းကြောင်း ပြန်ကြည့်ပါက အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁) အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရန် အလှည့်ကျခဲ့ဖူးသည်။ သို့သော် ထိုအချိန်အခါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ရှေ့ဆက် သွားရမည့် လုပ်ငန်းစဉ် (၇) ရပ်နှင်အညီ ဒီမိုကရေစီသို့ ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည့်အတွက်လည်းကောင်း၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များအကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် ရှေးရှု၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမည့် အခွင့်အရေးကို နစ်နာခံစွန့်လွှတ်ခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုလည်း ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှားနှင့် လာအိုနိုင်ငံတို့နှင့် ညှိနှိုင်းသဘောတူညီချက်အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်းယူခဲ့သည့် သာဓကများ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဤကဲ့သို့ပင် ယခုလည်း မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ သဘောထားမေးမြန်းညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံများသို့ ချပြအသိပေးခြင်း၊ သဘောတူညီမှုရှိခြင်းများဖြင့် လွှဲပြောင်းခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *