October 19, 2024

၉. ၉. ၂၀၂၃
Written by Ko Kyaw (Minbu)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူများနှင့် ရပ်ကွက်နေပြည်သူ ၉၀၀ ကျော်အား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေရာချထားပေးထားရကြောင်းကို မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးထွန်းထွန်းထံက သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား သံကန်တန်း (၇)၊ ကျောက်ကုန်းရွာ၊ အောက်ကျောင်းဘုရားကြီးဓမ္မာရုံ၊ ညောင်ဇင်ဘုန်းကြီးကျောင်းဝိုင်း၊ ကုန်းသာရွာ၊ ကန်သစ်ရွာ၊ ဝက်မစွက်ရွာ၊ မိုး‌ဇလရုံးဝိုင်း၊ အမက(စက္ကိန်းတဲ) စသည့် ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။

“မိုးရာသီကာလဆို ဧရာဝတီမြစ်ရေကြီးမှုကို နှစ်စဉ်ကြုံတွေ့ကြရပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုနှစ်မှာလည်း ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေး၊ ချောင်းကမ်းဘေးက ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေဘေးသင့်ပြည်သူတွေကို ရေဘေးကင်းလွတ်ရာနေရာတွေ ရွှေ့ပြောင်းနေကြရပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှုးဦးထွန်းထွန်းကပြောသည်။

This image has an empty alt attribute; its file name is photo_2023-09-09_10-46-00-2-1024x751.jpg

လက်ရှိ စက်တင်ဘာ ၈ ရက်နေ့အထိ စာရင်းများအရ မင်းဘူးမြို့နယ်အတွင်းရှိ မန်းကျိုးရွာမှ ရေဘေးသင့်ပြည်သူ ၃၆ ဦးအား မန်းရေနံမြေမှသံကန်တန်း (၇)နေရာ၊ ထုံးမကျီးကျေးရွာမှ ရေဘေးသင့်ပြည်သူ ၅၈ ဦးအား ကျောက်ကုန်းရွာမြေကွက်လပ်တွင် ၂၉ ဦးနှင့် အောက်ကျောင်းဘုရားကြီးဓမ္မာရုံတွင် ၂၉ ဦး၊ ရွာသစ်ကုန်းကျေးရွာမှ ရေဘေးသင့်ပြည်သူ ၃၂ ဦးအား မန်းရေနံမြေသံကန်တန်း(၇) နေရာ၊ နိဗ္ဗာန်ကျွန်းကျေးရွာမှ ရေဘေးသင့်ပြည်သူ ၁၉ ဦးအား ညောင်ဇင်ဘုန်းတော်ကြီးကျောင်း၊ ပဒေသာကျေးရွာမှ ရေဘေးသင့်ပြည်သူ ၂၆ ဦးအား ကုန်းသာ‌ကျေးရွာမြေကွက်လပ်၊ သနပ္ပင်စုကျေးရွာမှရေဘေးသင့်ပြည်သူ ၂၀၁ ဦးအား ကုန်းသာကျေးရွာမြေကွက်လပ်၊ ကျောက်ကုန်းကျေးရွာမှ ရေဘေးသင့်ပြည်သူ ၇၉ ဦးအား ကန်သစ်ကျေးရွာအနီးမြေကွက်လပ်၊ ငွေသောင်ကျေးရွာမှ ရေဘေးသင့်ပြည်သူ ၃၇၃ ဦးအား ရေနံချောင်းမြို့နယ်၊ ဝက်မစွပ်ကျေးရွာအနီးမြေကွက်လပ်၊ မင်းဘူးမြို့၊ စက္ကိန်းတဲဘုရားအရှေ့ဘက်မှရေဘေးသင့်ပြည်သူ ၆၈ ဦးအား မိုးလေဝသနှင့်ဇလဗေဒရုံးဝိုင်းအတွင်း၊ မင်းဘူးမြို့၊ စက္ကိန်းတဲဘုရားအနောက်ဘက်မှရေဘေးသင့်ပြည်သူ ၅၂ ဦးအား အမက(စက္ကိန်းတဲ)မြေကွက်လပ် စသည့်နေရာများဖြင့် ရေဘေးသင့်ပြည်သူ ၉၄၄ ဦးအား ရွှေ့ပြောင်းနေရာချထားပေးကြောင်းကို ၎င်းကပြောပြသည်။

မင်းဘူးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာရှိပြီး ဧရာဝတီမြစ်ရေသည် ယနေ့မနက် တိုင်းတာချက်အရ ၁၆၁၉ စင်တီမီတာသို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *