October 19, 2024

၉. ၉. ၂၀၂၃
Translated by Htwe Ko Tun

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ ၈ ရက်၊ ဒေသစံတော်ချိန် ည ၁၁း၁၁ နာရီ ခန့်က အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ လူရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး နိုင်ငံ၏မြို့ကြီးများရှိ သမိုင်းဝင်အထင်ကရနေရာများနှင့် အဆောက်အအုံများစွာလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

မော်ရိုကိုပြည်ထဲရေးဝန်ကြီးဌာနကလည်း ငလျင်ဒဏ်ခံရသည့် ပြည်နယ်များအတွင်း အနည်းဆုံး လူ ၂၉၆ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မော်ရိုကိုနိုင်ငံ အနောက်ပိုင်းရှိ မြို့တော် ရာဘတ် မှသည် မာရာကတ်ရှ် မြို့ကြီးအထိ အဓိကမြိုကြီးများ၌ အဆောက်အအုံများစွာပျက်စီးမှုဖြစ်ခဲ့ရပြီး လူများလည်းအထိတ်တလန့်‌ဖြစ်ကာ လမ်းများနှင့် လမ်းကြိုလမ်းကြားများပေါ်သို့ ထွက်ပြေးလာကြသည်ကို တွေ့ရသည်။ ထို့ပြင် ငလျင်ကြောင့် ဒဏ်ရာရခဲ့သူ ၁၅၃ ဦးကိုလည်း ဆေးရုံများသို့ တင်ပို့ခဲ့ရသည်ဟုဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-09_11-04-31-1024x683.jpg

မော်ရိုကိုပြည်သူတို့က ရိုက်ကူး၍ အွန်လိုင်းပေါ်တင်ခဲ့သော ဗီဒီယိုများတွင် အဆောက်အအုံများစွာပျက်စီးပြိုကျ၍ မာရာကတ်ရှ် ရှေးဟောင်းမြို့ကြီးအတွင်း ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားသော မြို့ကိုဝန်းရံတည်ရှိသည့် မြို့ရိုးတံတိုင်းနီ၏ အစိတ်အပိုင်းများလည်း ပြိုကျခဲ့သည်ကို တွေ့ကြရသည်။

This image has an empty alt attribute; its file name is photo_2023-09-09_11-04-53-1024x576.jpg

အမေရိကန်မြေငလျင်နှင့် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ငလျင်မှာ ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့ ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး မော်ရိုကိုနိုင်ငံ၏ မြေငလျင်ဌာနကမူ ငလျင်ပြင်းအားက ၇ မဂ္ဂနီကျူ့အထိရှိသည်ဟု ဆိုခဲ့သည်။ ငလျင်ဗဟိုချက်က မာရာကတ်ရှ်မြို့ တောင်ဘက် ကီလိုမီတာ ၇၀(၄၃ ဒသမ ၅ မိုင်) အကွာရှိ အက်တလတ်စ်(Atlas )တောင်တန်းများပေါ်တွင်ဟုလည်းသိရသည်။ ငလျင်က မြေအနက် ၈ ကီလိုမီတာ(၅ မိုင်) ခန့်ကို ဗဟိုပြုလှုပ်ခတ်ခြင်းဟုလည်း မော်ရိုကိုငလျင်ဌာနက ပြောခဲ့သည်။

ငလျင်သက်ရောက်မှုကို ပေါတူဂီနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့၌ပင် သိရှိခဲ့ကြောင်း သိရသည်။

Ref——abc

Leave a Reply

Your email address will not be published. Required fields are marked *