၉. ၉. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့တွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် အများပြည်သူများ၏နေအိမ်များတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းမရှိသည့်မီတာများနှင့် ကြွေးကျန် ၄ လအထက်ရှိသည့်မီတာများကို လာမည့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ အပြီးဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးပန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် လျှပ်စစ်မီတာခမပေးဆောင်သူများကို လျှပ်စစ်စွမ်းအားဝန် ကြီးဌာနမှ ချမှတ်ထားသောမူဝါဒ၊ ညွှန်ကြားချက်များ၊ လျှပ်စစ်ဥပဒေများနှင့်အညီ လုပ်ဆောင်ရာတွင် ဓာတ်အားခကြွေးကျန်ရှိ၍ ဓာတ်အား ဖြတ်တောက်ထားပြီးသော်လည်း (၃)လ အတွင်း ဓာတ်အားခပေးဆောင်ခြင်းမရှိသော ဓာတ်အားသုံးစွဲသူအနေဖြင့် ဆက်လက် ဓာတ်အားသုံးစွဲခွင့်ပြုရန် မသင့်သဖြင့် ဌာနမှတပ်ဆင်သုံးစွဲခွင့်ပြုထားသော မီတာပုံးအားဖြုတ်သိမ်းပြီးနောက် မီးသုံးစွဲသူမှ (၁) လအတွင်း ဓာတ်အားခ အကြေပေးသွင်းလျှင် မီးဆက်ခ(ဒဏ်ကြေး) ပေးဆောင် ပြီးမှသာ ၎င်းမီတာ ပြန်လည်တပ်ဆင်ပြီး ဓာတ်အားပြန်လည် ဆက်သွယ်ပေးမည်ဖြစ်သည်။
ဓာတ်အားသုံးစွဲမှုမရှိသော အိမ်ပိတ်မီတာများ၏ မီးသုံးသူများမှာ ဓာတ်အားသုံးစွဲမှုမရှိသဖြင့် “ဝ”ယူနစ်(၆)လဆက်တိုက် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသော မီတာများကိုလည်းကောင်း၊ ဓာတ်အားခကြွေးကျန် (၄)လနှင့်အထက်ရှိသော မီတာများကိုလည်းကောင်း၊ အပြီးဖြုတ်သိမ်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၀ ရက်နေ့မှစတင် ဆောင်ရွက်မည်ဖြစ်ပြီး မီးသုံးသူများအနေဖြင့် ဓာတ်အားသုံးစွဲလိုခြင်းမရှိဟု ယူဆသဖြင့် ဓာတ်အားသုံးစွဲမှုကို ရပ်စဲလိုက်မည်ဖြစ်သည်။
ထိုသို့ ဓာတ်အားသုံးစွဲမှုမရှိ၍ ရပ်ဆိုင်းခံရသည့် မီးသုံးသူများအနေဖြင့် ဓာတ်အားပြန်လည်သုံးစွဲလိုသည့်အချိန်တွင် မီတာအသစ်လျှောက်ထားရမည်ဖြစ်ပြီး ဓာတ်အားခကြွေးကျန်အားလုံး ပေးသွင်းစေကာ မီတာအသစ်နှင့် ပတ်သက်၍ ဌာနသို့ ပေးသွင်းရမည့်ငွေများ ထပ်မံပေးသွင်း၍ (၃)လစောင့်ကြည့်ပြီးမှသာ မီတာပြန်လည်တပ်ဆင်ပေးမည် ဖြစ်သည်ဟု သိရသည်။