October 18, 2024

ညောင်ဦးမြို့ မြင်းကပါရပ် စိန်ကုန်းရပ်ကွက်မှာတွေ့မြင်ရတဲ့ ရေကြီးရေလျှံမှုမြင်ကွင်း။

၇. ၉. ၂၀၂၃

Written by Hey Mahn

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ မိုးဆက် တိုက်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးနေတာကြောင့် ချောင်းနား မြစ်နားနီးတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်တွေထဲရေဝင်နေပြီး ပျက်စီးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ရေဘေးလွတ်ရာ ရွှေ့​ပြောင်းထားကြရတယ်လို့ ဒေသခံတချို့ကို MT News က ဆက်သွယ်မေးမြန်းမှုတွေအရ သိရပါတယ်။

ဧရာဝတီမြစ်ရေက ညောင်ဦးမြို့မှာ စိုးရိမ်ရေအမှတ်ရဲ့ အထက်ကို ကျော်လွန်နေပြီး ဘေးအန္တရာယ်မဖြစ်ပွားစေရေးနဲ့ မြစ်ကမ်းဘေးတစ်လျှောက်နေထိုင်ကြသူ ပြည်သူတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်စေဖို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ရေအရင်းမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနတို့က ပူးပေါင်းကာ လိုက်လံသတိပေးဆော်ဩခြင်းတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ် မြင်းကပါရပ် စိန်ကုန်းရပ်ကွက်မာနေထိုင်တဲ့ ဒေသခံတစ်ဦးက “ရေကတက်နေတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ ခြံထဲမှာ ရေက ၃ ပေ၊ ၃ပေခွဲလောက်ဝင်နေတာပေါ့။ ဒီညထပ်တိုးရင် အိမ်ခါးပန်းမြှုပ်နိုင်တယ်။ သုံးနှစ်တစ်ကြိမ်လောက်တော့ ပုဂံဒေသမှာ အခုလိုအခြေအနေတွေ ဖြစ်နေကြပါ။ ဒီနှစ်ထဲမှာ ဒါက ဒုတိယအကြိမ်ပါ။ ဝါခေါင်ရေလို့ ခေါ်မှာပေါ့။ မိုးကလည်း အညာက ရွာရင် ဆက်တိုက်ဆိုသလိုပဲ။ ဘုရားတွေမှာလည်း ရေလျှံတယ်။ ပုဂံမှာ အယူရှိတယ်လေ။ ရေဘယ်လောက်တိုးတိုး ရွှေစည်းခုံရင်ပြင် ရေမရောက်ဘူး။ တန်ခိုးကြီးတာပေါ့။ အခုတော့ ရွှေစည်းခုံလည်း ရေဝင်နေပြီ” လို့ ပြောပါတယ်။

ညောင်ဦးကမ်းပါးတစ်လျှောက်နဲ့ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်တွေထဲ ကွေ့ပတ်စီးဆင်းနေတဲ့ ချောင်းတွေထဲ မြစ်ရေတိုးသလို မိုးရွာသွန်းမှုကြောင့် မင်းနန်သူဘက်က ကန်ရေလျှံတဲ့ ရေတွေကလည်း အဲဒီ့ချောင်းတွေ မြောင်းတွေထဲ ဝင်ရောက်ပြီး အရင့်အရင် နှစ်တွေ ရေကြီးတုန်းကနဲ့ စာရင် ရေများတယ်လို့ ပြောလို့ရနိုင်ကြောင်း အလယ်ကုန်းရပ်ကွက်က ဒေသခံတချို့ကလည်း ဆိုပါတယ်။

အဆိုပါ ဒေသခံက “ဒီနှစ်မိုးကောင်းတော့ ပဲနှမ်းကတော့ အထွက်တိုးမှာပေါ့။ မနှစ်ကဆို မိုးမရတော့ မြေပဲတွေဆို လှီကုန်တာ။ တန်ခူးမိုးဦးက သိမ်းတဲ့ နှမ်းသမားတွေကတော့ အခုမိုးနဲ့ ထိနိုင်ပေမယ့် မိုးနှောင်းမှာစိုက်ထားတဲ့ သီးနှံကတော့ အောင်ရေရတယ်။ နိုဝင်ဘာမှာ မိုးမဖျက်ရင် တောင်သူအဆင်ပြေမယ့်နှစ်ပါ” လို့ ရေကြီးရေလျှံနေပေမယ့် အဆိုးထဲက အကောင်းကိုလည်း တွက်ဆပြပါတယ်။

ညောင်ဦးဒေသမှာရွာသွန်းနေတဲ့ မိုးရေချိန်က ၂ ဒသမ၂၅ လက်မအထိ ရွာသွန်းထားပြီး နောက် ၂ ရက်အထိလည်း ဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။ ဧရာဝတီမြစ်ရဲ့ ပုံမှန်စိုးရိမ်ရေမှတ်က ၂၁၂၀ စင်တီမီတာ ရှိကာ လက်ရှိမှာ ၂၁၅၇ စင်တီမီတာကိုရောက်ရှိနေပါတယ်။ နောက်နှစ်ရက်အတွင်းလည်း ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုးဇလရဲ့ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

မြစ်ရေကြီးမှုကြောင့် မြွေအန္တရာယ်သတိပြုနေနိုင်ကြဖို့၊ ရေသန့်များဆောင်ထားကြဖို့၊ တံငါသည်တွေရေ လမ်းကြောင်းသတိပြုသွားကြဖို့ တို့ကိုလည်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနက သတိပေးနှိုးဆော်ထားပြီး ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ ဂျူတီဖုံး ၀၆၁ ၂၄၆၀၁၉၁၊ ၁၉၁ တို့ကို အကူအညီတောင်းခံနိုင်ကြောင်းလည်း အသိပေး ဆော်ဩထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *