October 18, 2024

၇. ၈. ၂၀၂၃

Written by Nyein Kyaw

ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်ကို တွေ့ရကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့သည်။

စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့ရခြင်းဖြစ်ပြီး ယခင် နေပြည်တော်ဒေသ၏ ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျှမ်းမျှအပူအချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာရှိခဲ့ရာ ယခုအချိန်တွင် ပျှမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့အနေဖြင့် သစ်တောသစ်ပင်များ ပြန်လည်ထူတောင် ဖြည့်တင်းခြင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ ရိုက်ခက်မှုဒဏ်ကို ခံကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သစ်တောများနှင့် နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြသူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံဆောင်ရွက်သင့်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အနေဖြင့် ၂၀၁၁ ခုနှစ်မှစပြီး သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ကာ ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ပြုလုပ်သည့် စတုတ္ထအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မန်ဂျန်ရှားနှင့် ပိတောက်ပင် စုစုပေါင်း ၃,၅၂၈ ပင်ကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး အားလုံးရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *