October 18, 2024

ပုံစာ- ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်သည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ် (Photo- Myanmar Embassy, Seoul)

တရားဝင်လွှဲပြောင်းခြင်းမရှိပါက ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်မည်ဟု သိရ

၈. ၉. ၂၀၂၃
Written by Nyein Kyaw

ပြည်ပသို့ အလုပ်သွားလုပ်မည့် အလုပ်သမားများအနေဖြင့် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံသို့ တရားဝင်လမ်းကြောင်း ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းမည်ဆိုသည့်အချက်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ် ပိတ်ပင်ထားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာမှ သိရသည်။

“အေဂျင်စီနဲ့ နိုင်ငံခြားကို သွားလုပ်မယ့် အလုပ်သမားတွေအနေနဲ့ မိမိရဲ့လုပ်ခလစာကနေပြီးတော့ ၂၅ ရာခိုင်နှုန်းကို ကိုယ့်ရဲ့မြန်မာနိုင်ငံကို ပြန်လွှဲဖို့။ အဲဒါကို အေဂျင်စီနဲ့ အလုပ်သမားနဲ့ စာချုပ်ဖို့ဆိုပြီးတော့ ဒါကိုပဲ ကျွန်တော်တို့ ညွှန်ကြားထားတယ်။ CB ဘဏ်ကလွှဲ၊ KBZ ဘဏ်ကနေလွှဲ ဘယ်ဟာဆိုတာကို ကျွန်တော်တို့ မပြောဘူး။ ဘယ်ဘဏ်နဲ့လွှဲဆိုတာမျိုးကို သတ်မှတ်ထားတာမရှိဘူး။ အေဂျင်စီနဲ့ အလုပ်သမားနဲ့ ညှိနှိုင်းပြီးတော့ အဲဒါကို သဘောတူတယ်ဆိုတာ ချုပ်ဆိုထားဖို့။ အဲဒါကိုကိုတော့ ညွှန်ကြားချက်ထွက်ထားတယ်” ဟု အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံရှိ MoU မြန်မာအလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမာများ သက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် စက်တင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်နေစဉ်အတွင်း အေဂျင်စီများနှင့် ညှိနှိုင်းကာ စာချုပ်အသစ်ချုပ်ဆိုရာတွင် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ဘဏ်များမှတစ်ဆင့် လွှဲပြောင်းပေးမည်ဆိုခြင်းကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

“အဲဒါကတော့ U-Turn နဲ့ ပြန်လာရင်တော့၊ ဝင်လာတဲ့အချိန်မှာ အေဂျင်စီနဲ့ သူတို့ပြန်ပြီးတော့ လက်မှတ်ထိုးဖို့ရှိတယ်။ အဲဒီကျရင်တော့ သူတို့ကို အသိပေးလိုက်မှာပေါ့” ဟု အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောသည်။

ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်းဘဏ်တစ်ခုခုတွင် Special Account ဖွင့်လှစ်ပြီး မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား တစ်လတစ်ကြိမ်လည်းကောင်း၊ သုံးလတစ်ကြိမ်လည်းကောင်း လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

မိသားစုထံသို့ လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သိမ်းထားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းများဝယ်ယူခြင်းများတွင် အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များရရှိမည်ဖြစ်ပြီး စည်းကမ်းချက်မလိုက်နာသော အလုပ်သမားသည် နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်ခြင်းခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *