October 18, 2024

၈. ၉. ၂၀၂၃
Written by Pan Ei

Reply 1988, Love in the Moonlight စတဲ့ ကိုရီးယား ဒရမ်မာတွေအပြင် တခြားဒရမ်မာပေါင်းများစွာနဲ့ မြန်မာ ပရိသတ်တွေရဲ့ အချစ်ကို ရယူထားတဲ့ တောင်ကိုရီးယားက နာမည်ကြီး မင်းသားချောလေး Park Bo Gum ဟာ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် မြန်မာစာနဲ့ ကျေးဇူးတင်စကားကို သူ့လက်ရေးနဲ့ ကိုယ်တိုင်ရေးပေးခဲ့ပါတယ်။

Park Bo Gum နဲ့ မင်းသမီး IU တို့ရိုက်ကူးနေတဲ့ “You Have Done Well” ဇာတ်လမ်းတွဲရိုက်ကွင်းဆီကို မြန်မာနိုင်ငံက ပရိသတ်တွေက လက်ဆောင်အနေနဲ့ စားစရာတွေပါဝင်တဲ့ Support Truck ပို့ပေးခဲ့ရာမှာတော့ Park Bo Gum က “သင့် အားပေးမှုနှင့် ချစ်ခြင်းအတွက် ကျေးဇူးတင်ပါသည်” လို့ သူ့လက်ရေးနဲ့ ကိုယ်တိုင်ရေးသားကာ မြန်မာပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေလက်ထဲ အရောက်ပို့ဖို့ တာဝန်ရှိသူတွေကို သေချာမှာခဲ့တယ်လို့လည်း သိရပါတယ်။

အမြဲလိုလို ပရိသတ်တွေအပေါ် အလေးထားဆက်ဆံမှုတွေနဲ့ ချစ်ခင်မှုတွေကြောင့် နာမည်ကြီးတဲ့ Park Bo Gum ကတော့ ခုတစ်ခါမှာလည်း မြန်မာပရိသတ်တွေရဲ့ အသည်းနှလုံးကို ခြွေယူနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း ဝမ်းသာ ဂုဏ်ယူနေကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-08_11-35-51.jpg

Park Bo Gum ရဲ့ မြန်မာပရိသတ်တွေအတွက် မြန်မာလိုကိုယ်တိုင်ရေးပြီး ကျေးဇူးတင်စကားဆိုခဲ့တယ်ဆိုတဲ့ အကြောင်းကို Park Bo Gum Myanmar FC ရဲ့ Facebook Page မှာ တင်ပြီး သုံးနာရီကျော်အတွင်း Like ပေါင်း ၁ သောင်း ၃ ထောင်ကျော် ရရှိခဲ့ပြီး မှတ်ချက်ပေါင်းလည်း သုံးရာ နီးပါးရှိခဲ့ကာ ပြန်လည်ဝေမျှသူ အရေအတွက်မှာလည်း ၂၄၀၀ ကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပရိသတ်တွေ X (အရင် Twitter) မှာ တင်ထားတဲ့ ပိုစ့်မှာလည်း တင်ပြီး ငါးနာရီအတွင်း View ပေါင်း ၂၀၀၀၀ နီးပါးအထိ ရရှိခဲ့ကာ ပြန်လည်ဝေမျှပြီးတင်တဲ့ပိုစ့်ပေါင်း ၂၄၁ ပိုစ့်နဲ့ Like အရေအတွက်လည်း ၆၉၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဂုဏ်ယူအားပေးကြတဲ့ ပရိသတ်တွေထဲမှာ မြန်မာနိုင်ငံက ပရိသတ်တွေအပြင် နိုင်ငံတကာက ပရိသတ်တွေလည်း အပါအဝင်ဖြစ်သလို ထိုင်းနိုင်ငံက Park Bo Gum ပရိသတ်တစ်ဦးက “မင်းတို့ တိုင်းပြည်က အားပေးမှုကိုရလို့ Bo Gum ရဲ့ဝမ်းသာမှုကို ငါလည်း ခံစားနိုင်ပါတယ်။ မင်းတို့ရဲ့ ပျော်ရွှင်မှုကို ငါတို့နဲ့ အတူ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်” လို့လည်း မှတ်ချက်ပေးခဲ့ပြီး မြန်မာနိုင်ငံက ပရိသတ်တွေကလည်း Park Bo Gum ရဲ့ ပရိသတ်ဖြစ်ရတာကို ပျော်ရွှင်ပြီး ဂုဏ်ယူရတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Netflix က ထုတ်လွှင့်မယ့် “You Have Done Well” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ မင်းသား Park Bo Gum နဲ့ မင်းသမီး IU အပြင် မင်းသား Lee Jun Young လည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပြီး အဲ့ဒီ ဇာတ်လမ်းတွဲဟာ Park Bo Gum ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ၂၀၂၀ ခုနှစ်က Record of Youth ဇာတ်လမ်းတွဲနောက်ပိုင်း ပထမဆုံး ဇာတ်လမ်းတွဲဖြစ်သလို သူ စစ်မှုထမ်းပြီးနောက် ပထမဆုံး ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

Ref; Park Bo Gum Myanmar FC, X

Leave a Reply

Your email address will not be published. Required fields are marked *