October 18, 2024

၈. ၉. ၂၀၂၃
Written by Nay Aung

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ လေတပ်ဦးစီးချုပ်များသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ဖွယ်မရှိကြောင်း စင်ကာပူအခြေစိုက် Straits Times သတင်းဌာနက ဖော်ပြထားသည်။

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန်၊ အကြမ်းဖက်မှုများတိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကိစ္စများ ဆွေးနွေးနိုင်ရန်အတွက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံလေတပ်ဦးစီးချုပ်များ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် မြန်မာနိုင်ငံသည် လာမည့် သီတင်းပတ်တွင် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံက ၎င်းတို့၏ လေတပ်ဦးစီးချုပ်များကိုစေလွှတ်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

This image has an empty alt attribute; its file name is photo_2023-09-08_11-35-10-1024x682.jpg

မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် လာမည့်သီတင်းပတ်တွင်ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွယ်ရှိနေကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လက်ရှိအချိန်တွင် အမေရိကန် းနှင့် ဗြိတိန်နိုင်ငံတို့ ၏ ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခံထားရသူဖြစ်သည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ လေတပ်ဦးစီးချုပ်များသည် မြန်မာနိုင်ငံတွင် ကျင်းပမည့်အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

မလေးရှားလေတပ်ဦးစီးချုပ်သည် အစည်းအဝေးကိုကိုယ်တိုင် တက်ရောက်မည်မဟုတ်ကြောင်း မလေးရှားလေတပ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသလို ဖိလစ်ပိုင်လေတပ်ဦးစီးချုပ်ကလည်း လူကိုယ်တိုင်တက်ရောက်မည်မဟုတ်ဘဲ ရုပ်သံဖိုင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်သည် အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မည်မဟုတ်သလို ကိုယ်စားစေလွှတ်မှုလည်းလုပ်ဆောင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားလေတပ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Agung Sasongkojati က ထုတ်ဖော်ပြောဆိုထားသည်။ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် Soeng Samnang ကမူ မြန်မာနိုင်ငံတွင်ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခြင်း ရှိ မရှိဆိုသောအချက်ကို မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိကြောင်းသိရသည်။

ထို့အတူ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံတို့၏ လေတပ်ဦးစီးချုပ်များသည်လည်း လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို တက်ရောက်ခြင်းရှိ မရှိဆိုသောအချက်ကို တုံ့ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံကမူ အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *