◾တစ်ရက်လျှင် လူဦးရေ ၁,၀၀၀ ခန့် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟု သိရ
၈. ၉. ၂၀၂၃
Written by Nyein Kyaw
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေသော PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအား နိုင်ငံကူးလက်မှတ် နှစ်နှစ်နှင့်အထက် ကျန်ရှိပါက MoU/ U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရက်တိုတိုအတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် စက်တင်ဘာ ၁၁ ရက်တွင် မြဝတီနှင့်ကော့သောင်းမြို့တို့၌ One Stop Service လုပ်ငန်းအဖွဲ့ဖြင့် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။
ယင်းကဲ့သို့ ဆောင်ရွက်ပေးရာတွင် တစ်ရက်လျှင် မြန်မာလုပ်သားအရေအတွက်အဖြစ် မြဝတီမြို့၌ ၇၀၀ ခန့်နှင့် ကော့သောင်းမြို့တွင် ၃၀၀ ခန့်အား နေ့ချင်းပြီး U-Turn ပြုလုပ်ပေးရေးစီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ MoU မြန်မာအလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားများသက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်တင်ဘာ ၄ ရက်တွင် ပြောကြားထားသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်နေသည့် MoU လေးနှစ်ပြည့် အလုပ်သမားများအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာစေရေးနှင့် နှစ်နိုင်ငံ MoU U-turn စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။