October 18, 2024

၇.၉.၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်အစိုးရက ၎င်း၏ယူကရိန်းစစ်တပ်သို့ ဒေါ်လာတစ်ဘီလျံဖိုး အထောက်အပံ့အစီအစဉ်သစ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အာနိသင်ခန်းယူရေနီယမ်တို့ဖြင့်ပြုလုပ်ထားသော လက်နက်ကြီးကျည်ဆံများလည်းပါဝင်သည့် လက်နက်ခဲယမ်းများထောက်ပံ့မည့် အစီအစဉ်ကို ရုရှားအစိုးရက လူသားမဆန်သော အငြင်းပွားဖွယ် လက်နက်ခဲယမ်းများထောက်ပံ့မှုအဖြစ် သုံးသပ်ရှုတ်ချခဲ့ကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ အာနိသင်ခန်းယူရေနီယမ်တို့ဖြင့်ပြုလုပ်ထားသော လက်နက်ကြီးကျည်ဆံများကို အမေရိကန်က ယူကရိန်းသို့ထောက်ပံ့ထားသော Abrams တင့်ကားများအတွက် ပေးပို့သွားမည်ဖြစ်ကြောင်း၊ ၎င်းက ဒေါ်လာ ၁၇၅ သန်းဖိုးရှိ စစ်ရေးအကူအညီပေးမှုတွင်ပါဝင်ပြီး ယူကရိန်းသို့ အရပ်သားနှင့် စစ်ဖက်ထောက်ပံ့မှု ဒေါ်လာတစ်ဘီလျံအစီအစဉ်သစ်၏ အစိတ်အပိုင်းဟုလည်း စက်တင်ဘာ ၆ ရက်က ပြောခဲ့သည်။

ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း အာနိသင်ခန်းယူရေနီယမ်တို့ဖြင့်ပြုလုပ်ထားသော လက်နက်ကြီးကျည်ထောက်ပံ့မှုမှာ လူသားမဆန်ရာရောက်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် နောင်မျိုးဆက်များအားလုံးကို တိုက် ခိုက်ဖျက်စီးနေခြင်းလည်းဖြစ်ကြောင်း၊ ဖြစ်ချင်ရာဖြစ်ဆိုသည့်သဘောဖြင့် လက်နက်များကို သက်သက်မဲ့လွှဲပြောင်းပေးနေကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

အဆိုပါကျည်ဆံများက ပေါက်ကွဲမှုဖြစ်ပြီးနောက် ရေဒီယိုဓာတ်ရောင်ခြည်သတ္တိကြွမှုများက လူတစ်ယောက်၏ အသက်ရှုလမ်းကြောင်း၊ အစာအိမ်သွားရာလမ်းကြောင်း၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့ကိုပျက်စီးစေကာ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း သံရုံးကြေညာချက်တွင်ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံကလည်း ထိုကဲ့သို့ အာနိသင်ခန်းယူရေနီယမ်တို့ဖြင့်ပြုလုပ်ထားသော လက်နက်ကြီးကျည်ဆံများကို ၂၀၂၂ ခုနှစ်က ထောက်ပံ့ခဲ့သေးပြီး အမေရိကန်က ပထမဆုံးပေးပို့ခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် ယူကရိန်းသို့ အတွဲလိုက်ဗုံးများပေးပို့မှုကြောင့်လည်း ဝေဖန်ခြင်းခံခဲ့ရသေးသည်။

အာနိသင်ခန်း ယူရေနီယမ်တို့ဖြင့်ပြုလုပ်ထားသော လက်နက်ကြီးကျည်ဆံများ အသုံးပြုမှုကို နိုင်ငံတကာဥပဒေအရ ကန့် ကွက်ထားခြင်းမရှိသော်လည်း ၎င်းတို့အသုံးပြုမှုအား ကြီးမားသောအငြင်းပွားမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

Ref—–Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *