၇.၉.၂၀၂၃
Translated by Htwe Ko Tun
အာဖရိကတိုက်၊ ဂါဘွန်နိုင်ငံတွင် ဩဂုတ် ၃၀ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားခဲ့ရသော သမ္မတဟောင်း အလီဘွန်ဂို အွန်ဒင်ဘာအား ပြန်လည်လွှတ်ပေးခဲ့ကာ ၎င်းအနေဖြင့် ဆေးကုသရန် ပြည်ပသို့ထွက်ခွာနိုင်မည်ဟုလည်း အာဏာသိမ်းယူခဲ့သော ဂါဘွန်စစ်တပ်က ပြောကြားခဲ့သည်။
အလီဘွန်ဂိုအား ဩဂုတ် ၃၀ ရက်မှစ၍ အိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ၎င်းက သမ္မတအဖြစ် ၁၄ နှစ်ကြာ တာဝန်ယူထားမှုကို ဆက်လက်သက်တမ်းတိုးချဲ့ရန်အတွက် အငြင်းပွားနေသော ရွေးကောက်ပွဲရလဒ်ကို ကြေညာခဲ့ပြီး မကြာမီမှာပင် အာဏာသိမ်းခံခဲ့ရခြင်းလည်းဖြစ်သည်။ အာဏာသိမ်းယူခဲ့သော ဂါဘွန်စစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး ယူလ်ရစ်ချ် မန်ဖွန်ဘီက သမ္မတဟောင်းအနေဖြင့် လွတ်လွတ်လပ်လပ်သွားလာနိုင်ကြောင်း၊ အကယ်၍ ဆန္ဒရှိပါက နိုင်ငံခြားသို့ ကျန်းမာရေးဆေးစစ်ခံရန်သွားနိုင်ကြောင်း စက်တင်ဘာလ ၆ ရက်က ပြောခဲ့သည်။
အလီဘွန်ဂိုအား အကျယ်ချုပ်မှလွှတ်ပေးမှုကို ဂါဘွန်နိုင်ငံအကြီးအကဲအဖြစ် စက်တင်ဘာလ ၄ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သော ဘွန်ဂို၏ ညီအစ်ကိုဝမ်းကွဲတစ်ဦးလည်းဖြစ်သူ ဗိုလ်ချုပ်ကြီး ဘရိုက်ကလိုတေရီ အိုလီဂွီနျူးမားက လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ အိုလီဂွီက ဘွန်ဂို၏ညီဝမ်းကွဲဖြစ်ရုံမက ဘွန်ဂို၏ ကွယ်လွန်ပြီးဖခင်၏ သက်တော်စောင့်တစ်ဦးအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်။
အာဏာသိမ်းတပ်ဖွဲ့ခေါင်းဆောင် နျူးမားက ၎င်းတို့အနေဖြင့် နိုင်ငံအာဏာကိုလုံးဝအကြမ်းဖက်ခြင်းမရှိဘဲသိမ်းယူခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများကျင်းပကာ ပြည်သူသို့ အာဏာပြန်လွှဲပေးသွားမည်ဟု ပြောခဲ့သည်။
အာဏာသိမ်းမှုအား ဂါဘွန်နိုင်ငံအတွင်း ပြည်သူအများစုက ကြိုဆိုခဲ့ကြသော်လည်း အာဖရိကသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက ရှုတ်ချမှုများပြုလုပ်ခဲ့သည်။
Ref—–Aljazeera