၇.၉.၂၀၂၃
Written by Hey Mahn
ဘုန်းကြီးတစ်ပါးမောင်းနှင်လာတဲ့ယာဉ်က အမျိုးသမီးတစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ကို အနောက်ကနေ ဝင်တိုက်မိရာက ဆိုင်ကယ်စီးနင်းသူအမျိုးသမီး ဆေးရုံအရောက်မှာသေဆုံးသွားတဲ့ဖြစ်စဉ် စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းကနေ သိရပါတယ်။
အဆိုပါဖြစ်စဥ်အရ မိတ္တီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် (၀/၁)နဲ့ (၀/၂)ကြား နဂါးရုံကျောင်းတိုက်ရှေ့လမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် မိတ္တီလာမြို့၊ အောင်ဆန်းရပ်ကွက်၊ နယ်မြေ(၃)၊ မြို့သစ်ရပ်မှာနေထိုင်တဲ့ အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးဝင်း(၅၅)နှစ်မှာ လမ်းပေါ်လွင့်စင်ကျခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက်၊ ဟိန္ဒြူမျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူထံက သိရပါတယ်။
တိုက်တဲ့ယာဉ်က သာသနာတော်အမှတ်တံဆိပ်နဲ့ယာဉ်ဖြစ်ပြီး မိတ္တီလာမြို့နန်းတော်ကုန်းရပ်ကွက်မှာရှိတဲ့ ကျောင်းတိုက်တစ်တိုက်က ဘုန်းကြီးတစ်ပါး မောင်းနှင်လာတာလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ ဆရာမဒေါ်ဌေးဌေးဝင်းကို မိတ္တီလာမြို့ ပြည်သူဆေးရုံကြီးအရေးပေါ်ဌာနဆီ ပို့ဆောင်ပေးခဲ့ပေမဲ့လည်း ဆေးရုံအရောက်မှာ ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကြောင့် လူအသက်သေဆုံးတဲ့အထိ ယာဥ်မဆင်မခြင် မောင်းနှင်သူဘုန်းကြီးကို မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး သာသနာရေးရာလုပ်ထုံး လုပ်နည်းနဲ့အညီဆောင်ရွက်ကာ အမှုဖွင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။